#LocalNews

Published - 8 Dec 2021

 

မြန်မာနိုင်ငံ၏ စက်မှုဥယျာဉ်တည်ဆောက်မှုတွင် တရုတ်နိုင်ငံမှ ပါဝင်နေဆဲဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသိန်းနီးပါးထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေးသံမှူး ဖြစ်သူ Mr. Tan Shufu က ပြောကြားလိုက်ပါတယ်။

 

အဆိုပါ ပြောကြားမှုကို ဒီဇင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး TEDA Group က တာဝန်ခံကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ စက်မှုဥယျာဉ်တည်ဆောက်မှုမွမ်းမံ
သင်တန်းဖွင့်ပွဲ အခမ်းနားမှာ တရုတ် စီးပွားရေးသံမှူး Mr. Tan Shufu က အခုလို ပြောကြားခဲ့တာပါ။

 

သင်တန်းဖွင့်ပွဲတွင် တရုတ်စီးပွားရေးသံမှူး Mr. Tan Shufu က "မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်နှင့်စက်မှုဥယျာဉ် အလွန်များပြားကြောင်း၊ စက်မှုဥယျာဉ်တည်ဆောက်မှုသည် ဖွံ့ဖြိုးတိုးတက်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူလူနေမှုဘဝကောင်းမွန်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း၊ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၏ စက်မှုဥယျာဉ်တည်ဆောက်မှုတွင် ပါဝင်ပြီး (သို့မဟုတ်) ပါဝင်နေဆဲဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ကုန်ချောပေးလက်ခစားလုပ်ငန်း (CMP)ပေါင်း ၅၀၀ ကျော်ပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသိန်းနီးပါးထောက်ပံ့ပေးခဲ့ကြောင်း" ပြောကြားခဲ့တာပါ။

 

ဆက်လက်၍ ၄င်းက မြန်မာနိုင်ငံသည် စက်မှုဇုန် အထူးသဖြင့် လုပ်အားအများအပြားလိုအပ်သည့် စက်မှုလုပ်ငန်းများတိုးတက်သည့် အကောင်းမွန်ဆုံးကာလတွင် ရောက်ရှိနေကြောင်းနှင့် ယခုအကြိမ်မွမ်းမံသင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် တရုတ်နိုင်ငံက စက်မှုဥယျာဉ်တည်ဆောက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲ ပြဿနာနှင့် ဖြေရှင်းသည့်နည်းလမ်းများဆွေးနွေး၍ တရုတ်နိုင်ငံ စီးပွားရေးဥယျာဉ်စီမံရေးဆွဲမှု တည်ဆောက်မှုနှင့် စီမံအုပ်ချုပ်ရေးအပိုင်း၏ အတွေ့အကြုံများကို မျှဝေရန်ဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါ မွမ်းမံသင်တန်းကို မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စသည့်ဌာနများနှင့် အထူးစီးပွားရေးဇုန်မှ သင်တန်းသား/သင်တန်းသူစုစုပေါင်း ၃၀ ဦးတို့ တက်ရောက်မည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ၁၄ ရက်ကြာ သင်ကြားပို့ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

#Yangon_Media_Group