Published 5 October 2023

ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးတော့မည့် MOU မြန်မာအလုပ်သမားများ အတွက်သက်တမ်းတိုးကာလ ကို လာမည့် နှစ် ဧပြီလ အထိ ထိုင်းအစိုးရက အချိန် တိုးပေးလိုက်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးသူတွေထံ က သိရသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ၊ ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်တွင် ၄ နှစ်သက်တမ်းပြည့်မည့် MoU အလုပ်သမားများ ကို သက်တမ်းတိုးရန် အချိန် တိုးပေးခဲ့ ခြင်း ဖြစ်ကာသတ်မှတ်ကာလ အတွင်း သက်တမ်းတိုးခြင်း ကို ပြီးစီးအောင် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်တမ်းပြည့်နေသည့် MoU အလုပ်သမားများ ကို မြန်မာ နိုင်ငံ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် MoU U- turn စနစ်ဖြင့် မြဝတီနှင့် ကော့သောင်းမြို့ တို့တွင် One Stop Services စနစ် ဖြင့် စခန်းများ ဖွင့်လှစ်ပြီး ပတ်စပို့သက်တမ်း ၂နှစ်နှင့် အထက် ကျန်ရှိသေးသည့်
သူများ ကို စက်တင်ဘာ ၁၁ရက်က စတင် လုပ်ဆောင် ပေးနေကြောင်း သိရသည်။

'' MoU U- turn စနစ်နဲ့ ပြန်ဝင်ဖို့ က စာအုပ် သက်တမ်း ၂ နှစ်နဲ့ အထက် ရှိမှ လုပ်လို့ရမှာ စာအုပ် သက်တမ်း ကုန်နေတဲ့ သူတွေက သက်တမ်းတိုး ဖို့ က အချိန် လိုသေးတယ်၊အခုလို အချိန် တိုးပေး လိုက်တဲ့ အတွက် ထိုင်းမှာ နေထိုင်ခွင့် သက်တမ်း ကုန်နေတဲ့ သူတွေ အဆင်ပြေသွားတယ် ''ဟု ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးသူတစ်ဦး ကပြောသည်။

ထိုင်းအစိုးရအနေဖြင့် ထိုင်းရောက် မြန်မာအပါအဝင် ရွေ့ပြောင်း လုပ်သားများ ကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ရက်တွင် ဘတ် ပန်းရောင် ကတ် ရိုက်ရန် အမည်စာရင်းတင်သွင်းထားသူများအနေဖြင့်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ယခင်က အောက်တိုဘာလအထိသာ သတ်မှတ်ထားသည့် အလုပ်ပါမစ်ပြုလုပ်ချိန်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေအထိ ၃ လ အချိန်တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group