#Local_News
Published 23 October 2026
■ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်း မြို့၌ အလျား ၃၂၈ ပေ၊ အကျယ် ၉၈ ပေရှိသည့် ပြည်တွင်းဆိပ်ကမ်းစီမံကိန်းတစ်ခုတည်ဆောက်လျက်ရှိရာ ၂၀၂၈ခုနှစ် ဇူလိုင်လ၌ အပြီးသတ်ရန်လျာထားဆောင်ရွက်နေကြောင်းဒုတိယဝန်ကြီး ဦးထွန်းလူကပြောသည်။
■ ယမန်နေ့ နံနက် ၁၀ နာရီကနေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည့်တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကြူနိုင်၏ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတည်ဆောက်နိုင်ပါက နိုင်ငံတကာမှသင်္ဘောများ ဆိုက်ကပ်၍ကုန်ပစ္စည်းများ အတင်အချပြုလုပ်နိုင်ခြင်း၊ Free Trade Zone (FTZ) ပြုလုပ်နိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာများ ပိုမိုရရှိနိုင်ခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါသဖြင့် ကော့သောင်းမြို့တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (International Port) တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် တည်ဆောက်ပေးရန်လျာထားမှုရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
■ ဒုတိယဝန်ကြီး ဦးထွန်းလူက ကော့သောင်းတွင် လက်ရှိအချိန် အလျား ၃၂၈ ပေ၊ အကျယ် ၉၈ ပေရှိသည့် ပြည်တွင်းဆိပ်ကမ်းတစ်ခု တည်ဆောက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကို ၂၀၂၈ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
■ ထို့အပြင် ကိုယ်စားလှယ် မေးမြန်းသည့်နေရာ၏ မြောက်ဘက်တွင် လက်ရှိတော်ဝင် ဆိပ်ကမ်းတံတားရှိပါကြောင်း၊ အဆိုပါတံတားသည် သံကူကွန်ကရစ်ဆိပ်ကမ်းတံတားဖြစ်ပြီး သက်တမ်း ၂၈ နှစ် ရှိပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအတွင်း ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဆိပ်ခံတံတားနှင့် ကိုယ်စားလှယ်မေးမြန်းသည့် ဆိပ်ကမ်းတံတားနှစ်ခု၏ အကွာအဝေးသည် ၁၅ ပေသာရှိပြီး အစအဆုံး မီတာ ၂၁၀ ဖြစ်သည့်အတွက် မီတာ ၉၀ ခန့်ရှိသည့် ရေယာဉ်နှစ်စင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
■ ထို့အတူ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခု တည်ဆောက်မည်ဆိုပါက သတ်မှတ်ချက်များနှင့်ပြည့်စုံရန်လိုအပ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ ဝင်ရောက်နိုင်သည့် ရေနက်လုံလောက်မှုနှင့် သင်္ဘော ကြီးများလှည့်နိုင်ပြီး ကပ်နိုင်၊ ခွာနိုင်မည့်အကျယ်အဝန်းရှိရမည်ဖြစ်ပါကြောင်း၊ နောက်ခံမြေအကျယ်အဝန်းများ လုံလောက်ရန်အနည်းဆုံးသတ်မှတ်ချက်သည် ၃၇ ဧက ဖြစ်သော်လည်းကိုယ်စားလှယ်မေးမြန်းသည့် နေရာသည် ၄ ဒသမ ၄ ဧကသာရှိပါကြောင်း၊ ထို့ပြင်အထောက်အကူပြုပစ္စည်းများနှင့် ကွန်တိန်နာများကို သယ်ထုတ်မည့်ကားလမ်း၊ မီးရထား လမ်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရန်ကန့်သတ်ချက်များစွာရှိသည့်အတွက် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းအစား ပြည်တွင်းကမ်းရိုးတန်း ဆိပ်ကမ်းတစ်ခုကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်တည်ဆောက်လျက်ရှိပြီး ၂၀၂၈ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရန်လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times