#Local_News
Published 23 October 2026
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ၂၁တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ ကြောင်း သိရသည်။
■ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K) (AM) အဖွဲ့အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ပူးပေါင်းပါဝင်ဆွေးနွေးလိုသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) အဖွဲ့တို့တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ Grand Amara ဟိုတယ်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ သည်။
■ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) ဥက္ကဋ္ဌ ဦးအန်းမိုင်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် ဦးချင်းမောင်၊ ဦးမန်ခပ်၊ ဦး Y ခွန်းမောင်၊ ဦး K ပါပီနှင့် ဦးလန်းညိုင်တို့ပါဝင်သည့် ကိုယ်စားလှယ်များတက်ရောက်ကြသည်။
■ တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ယခင်က NSCN –K အဖွဲ့သည် Bilateral လက်မှတ်ထိုးခဲ့သောအဖွဲ့ဖြစ်ကြောင်း၊ ယခင်လာရောက်ဆွေးနွေးစဉ် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ နာဂအမျိုးသားများသည် မိမိတို့၏တိုင်းရင်းသားလူမျိုးများဖြစ်သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက်အစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်သည်များကို တင်ပြပေးစေလိုကြောင်း၊ NSCN –K (AM) အဖွဲ့သည်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးလိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားစေလိုကြောင်း ပြောကြားသည်။
■ ယင်းနောက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) ဥက္ကဋ္ဌ ဦးအန်းမိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရန်ဖိတ်ကြားခဲ့သည့်အတွက် ကျေးဇူတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုလိုနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ရရှိသည့်အတွက် သမိုင်းတွင်အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ဆွေးနွေးပွဲများမှရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ နောက်ကျကျန်ခဲ့မှုမရှိစေရေးပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်းနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို တိုးတက်စေမည့်ရလဒ်များ ရရှိအောင် ဖော်ဆောင်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
■ ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးရာတွင်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြားမြို့နယ်များ ထပ်မံထည့်သွင်းဆောင်ရွက်လိုခြင်းနှင့် ပတ်သက်၍ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွှတ်တော်တွင်တင်ပြဆောင်ရွက်နိုင်မှု၊ နိုင်ငံရေး လိုလားချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုနိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒ (၄) ရပ်နှင့်အညီ ဆောင်ရွက်သွားရေး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ ကျေးရွာ၊ ကျေးရွာ အုပ်စုများကို မြို့အဖြစ်ပြောင်းလဲဖွဲ့စည်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ဦးစီးဌာနများ၏ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်နိုင်မှု၊ ဒေသတွင်းလမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့်ပတ်သက်ပြီး လမ်းအပိုင်းလိုက် ဦးစားပေးလိုအပ်ချက်သတ်မှတ်ပြီး တင်ပြသွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီသော ဒေသခံကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်နှင့် ပညာရေးကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းပေးသွားမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
■ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က နယ်မြေဒေသအတွင်းရှိ တပ်မတော်၊ အစိုးရဌာနများနှင့် လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းလက်တွဲဆောင်ရွက်ရေးနှင့် အောက်ခြေရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သောဆောင်ရွက်နေထိုင်မှုများ မပြုလုပ်ရန်စနစ်တကျကြပ်မတ်ပေးရေးတို့ကိုဆွေးနွေးသည်။
■ ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုးအတည်ပြုကြပြီး နောက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) ဥက္ကဋ္ဌ ဦးအန်းမိုင်က ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ် အမှာစကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲကိုရုပ်သိမ်းလိုက်ကြောင်းသိရသည်။
#YMG/NN #Yangon_Times