#Local_News
Published_ 9 April 2022

 

နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြန်လည်ဖွင့်လှစ်မှာဖြစ်ရာ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)က ပြည်တွင်း၊ပြည်ပခရီးစဉ်များကို တိုးချဲ့ပြေးဆွဲသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ခရီးစဉ်များအနေဖြင့် မလေးရှား၊ စင်ကာပူနှင့် ဘန်ကောက်ခရီးစဉ်များကို တစ်ရက် တစ်ကြိမ် နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ပြီး ကွမ်ကျိုး(တရုတ်)နှင့် အင်ချွန်း(တောင်ကိုရီးယား) ခရီးစဉ်များကို တစ်ပတ်သုံးကြိမ်၊ အိန္ဒိယ၊ ဒူဘိုင်းနှင့် ဂျပန်နိုင်ငံ ခရီးစဉ်များကို တစ်ပတ်တစ်ကြိမ်၊ ဖူးခက်(ထိုင်း)နှင့် ပီနန်(မလေးရှား) ခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ် MAI က ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

 

ထို့ပြင် မန္တလေး-ဘန်ကောက် ခရီးစဉ်ကိုလည်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကာ ဒေလီ(အိန္ဒိယ)၊ ဒူဘိုင်းနှင့် ဂျပန် ခရီးစဉ်များကိုလည်း တစ်ပတ်တစ်ကြိမ် ပြေးဆွဲရာမှ တစ်ပတ်သုံးကြိမ် တိုးမြှင့်ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း သိရပါတယ်။

 

MAI လေကြောင်းအနေနဲ့ နိုင်ငံတော်ရဲ့ သယ်ယူပို့ဆောင်ရေးသတ်မှတ်ချက်နဲ့အညီ ပူးပေါင်းပါဝင် ပံ့ပိုးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကစပြီး ယနေ့အထိ ၂၇ နှစ်တိုင် အောင်မြင်စွာ ဖြတ်သန်းခဲ့တာကြောင့် ရှေ့ဆက်ပြီး နိုင်ငံတော်ကချမှတ်တဲ့သတ်မှတ်ချက်များနဲ့အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်း မြန်မာနိုင်ငံမှာ ပြန်လည်အသက်ဝင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ တစိုက်မတ်မတ် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

 

ပြည်တွင်းလေဆိပ် ၁၈ ခုကို ပြေးဆွဲဖို့ရှိပြီး ကိုဗစ်ရောဂါကို နှစ်နှစ်ကျော်ခံစားခဲ့ရတဲ့အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို ပြန်လည်လုပ်ဆောင်တဲ့အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ သတ်မှတ်စည်းကမ်းနဲ့အညီ ခရီးသွားတွေကို ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

 

မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလ၌ MAI လေကြောင်းလိုင်းအနေဖြင့် သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူကို ပြေးဆွဲသွားမည်ဖြစ်ပြီး မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ နေပြည်တော်၊ လားရှိး စသည့် လေဆိပ် ၁၈ ခုကို ပြေးဆွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group