#LocalNews
Published_24 April 2022

 

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်ပြေးဆွဲနေသော မော်တော်ယာဉ်အားလုံးကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုလုပ်ရန် KNU - ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုစစ်ဦးစီးဌာနချုပ် ကော်သူးလေ မှ တပ်မဟာ (၆)တပ်မဟာ (၇) ၏ တပ်မဟာမှူးထံ လိပ်မူ၍ KNLA ဗဟို စစ်ဌာနချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

ထုတ်ပြန်ချက်တွင် "KNU - ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေကြသော ခရီးသည်တင်မော်တော်ယာဉ်များ၊အရပ်သားကားများ၊ကုန်တင်ယာဉ်များကို အကြောင်းမဲ့ နှောင့်ယှက်ဖျက်ဆီးခြင်း၊မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာ မိမိတို့ တပ်မဟာ၊တပ်ရင်းအတွင်းရှိ အောက်ခြေအတင့်တင့်ရှိ တပ်မှုးတပ်သားများထံ ထပ်မံညွှန်ကြားရန်နှင့် ညွှန်ကြားချက်ကိုမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း" ဖော်ပြထားသည်။

 

မြဝတီ–ကော့ကရိတ် အာရှလမ်းကို ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် KNU အနေဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက စာထုတ်ပြန်ထားခဲ့သေးသည်။

 

အဆိုပါလမ်းတွင် ကုန်တင်ယာဉ်များအပါအဝင် ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်း၊တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများ မကြာခဏ ပြုလုပ်ခံရလေ့ရှိကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group