၂၄ စက်တင်ဘာ ၂၀၂၄

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံခဲ့ပြီး ဗာတီ   ကန်ကိုလည်း  လုံခြုံသည့်ခိုလှုံရာနေရာ အဖြစ် ကမ်းလှမ်းလိုက်ကြောင်း ပုပ်ရဟန်းမင်းကြီးက အာရှ         ရှိ ခရစ်ယာန်ဘာသာဝင်များနှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုတွင် ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ့သားနှင့် ရောမမှာတွေ့ဖို့ ကျွန်ုပ် မေတ္တာရပ်ခံခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ နယ်မြေ ဗာတီကန်မှာ သူ့သားနှင့်တွေ့ဆုံဖို့ ကျွန်ုပ် ကမ်းလှမ်းခဲ့ပါတယ်” လို့ မကြာသေးခင်က အရှေ့တောင်အာရှတစ်လွှား  ၁၂ရက်ကြာခရီးအတွင်း ပုဂ္ဂိုလ်ရေး ပြောဆိုမှုတစ်ခုမှာ ပုပ်ရဟန်းမင်း ကပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၈၇နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါသေးတယ်။

အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Corriere della Sera က ပုပ်ရဟန်းမင်းကြီရဲ့ အဆိုပါ ပြောကြားချက်ပါဝင်တဲ့ ရောမအခြေစိုက် ခရစ်ယာန်ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရို ရဲ့ဆောင်းပါး ကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရိုဟာ တွေ့ဆုံပွဲတွေတက်ခဲ့သူ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်နှင့် ရေးသားခဲ့တာလို့ဆိုပါတယ်။

“ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ  ဂုဏ်သိက္ခာနှင့် အားလုံးရဲ့ အခွင့်အရေးကို လေးစားကြခြင်းဖြင့် အခြေပြုရ လိမ့်မယ်။ အာလုံးရဲ့ အကျိုးစီးပွားကို လူတိုင်းဆောင်ရွက်ခွင့်ရှိတဲ့ ဒီမိုကရက်တစ်အစီအစဉ်တစ်ခုကို လေးစားကြရမယ်” လို့လည်း ပုပ်ဖရန်စစ်က ဆက်လက်ပြောကြားပါတယ်။

အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခုနှစ် တပ်မတော်က အာဏာရယူပြီး  ကတည်းက ထိန်းသိမ်းခံခဲ့ရပြီး ယခုအခါ နိုင်ငံတော်သစ္စာဖောက်မှုမှသည် လာဘ်စားမှု နှင့် ဆက်သွယ်ရေး ဥပဒေချိုးဖောက်မှုများဖြင့် ထောင်ဒဏ် ၂၇နှစ်ကျခံနေရပါတယ်။ အဲဒီအမှုတွေကို သူမက ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ သူမကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် အဖြစ် ပြောင်းရွှေ့ချထားခဲ့ပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးသားပါတယ်။

@ymg/knl