နေပြည်တော်၊ မတ်၂၇ ၊ ၂၀၂၆

ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် အရောင်းဆိုင်များ၌ ယာဉ်များ  တန်းစီရမှု လျှော့ချနိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ထားသော Bar Code/QR Code စနစ်သစ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ယနေ့မှစတင်၍ ကျင့်သုံးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

ယင်းစနစ်ဖြင့် စိစစ်ရောင်းချနေမှုကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းနှင့် တာဝန်ရှိ   သူများက နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စနစ်၏ လုပ်ဆောင်ပုံနှင့် တိုးချဲ့မည့် အစီအစဉ်

ဤစနစ်သစ်အရ မော်တော်ယာဉ် တစ်စီးချင်းစီ၏ အင်ဂျင်စက်စွမ်းအား (Engine Power) အလိုက် သတ်မှတ်ထားသော ပမာဏအတိုင်း စက်သုံးဆီများကို စနစ်တကျ စိစစ်ရောင်းချပေးမည်ဖြစ်သည်။ လက်ရှိတွင် အဓိက မြို့ကြီး ၄ မြို့၌ စတင်နေပြီဖြစ်ပြီး၊ ရန်ကုန်-မန္တလေး လမ်းမကြီးတစ်လျှောက်နှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်ကျင့်သုံးနိုင်ရန် တာဝန်  ရှိသူများအား သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနကပြောသည်။

img 2277

နောက်ခံအကြောင်းအရာနှင့် ခြွင်းချက်များ

QR Code ဖတ်ရန် အခက်အခဲရှိသော ယာဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်ငယ်များနှင့် အခြား  လုပ်ငန်းသုံး ကဏ္ဍများအတွက်မူ သီးခြားမှတ်တမ်းများထားရှိ၍ လိုအပ်သော စက်သုံးဆီများကို ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများမှ ပူးပေါင်းအဖွဲ့များသည် အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီပေးခြင်းနှင့် စစ်ဆေးခြင်းများကို ပြုလုပ်  လျက်ရှိသည်။

အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စီစဉ်ထားပြီး အလုံအလောက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုဖြင့် အလုအယက် ဝယ်ယူခြင်းမပြုဘဲ လိုအပ်သလောက်သာ ဝယ်ယူကြရန် တာဝန်ရှိသူများက အသိပေးထားသည်။

ဆက်သွယ်တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်များ

စက်သုံးဆီဝယ်ယူရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့လာပါကဖြစ်စေ၊ အခြား  တင်ပြတိုင်ကြားလိုမှုများ ရှိပါကဖြစ်စေ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် အောက်ပါ Call Center များသို့ ဆက်သွယ်နိုင်ကြောင်းလည်းသိရသည်။

    ဖုန်းနံပါတ်များ: ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆

    Viber: ၀၉ ၄၀၁၇၄၈၅၉၈