Published_03 November 2023

အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတွင် E-Book ထုတ်ဝေစာများ ဆောင်ရွက်နေသူများအနေဖြင့် ဥပဒေပုဒ်မ ၁၅ နှင့်အညီ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက် အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင်၂၀၁၄ ခုနှစ်ပုံနှိပ်ခြင်းနှင့်ထုတ်‌ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့်ဖန်တီး၍ ထုတ်ဝေလိုက်သည့်စာတို့အပြင် ယင်းတို့နှင့်အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန်ရှိသည့်အရာ သို့မဟုတ်ပုံအားဖြင့်သော်လည်းကောင်းသဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးများကိုဖြစ်စေ၊ အတွေးအခေါ်များကိုဖြစ်စေ သိရှိစေနိုင်သည့်အရာများနှင့် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကိုဆိုသည်ဟုလည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။

ယခုတွင် အီလက်ထရောနစ်နည်းပညာကိုအသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတည်ထောင်၍ E-Book ထုတ်ဝေစာများအား ထုတ်ဝေဖြန့်ချိ လျက်ရှိသည်ကိုတွေ့ရှိရပြီ အဆိုပါ E-Book ထုတ်ဝေစာများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ထုတ်ဝေစာအဓိပ္ပာယ် ဖွင့်ဆိုချက်တွင် အကျုံးဝင်ပါသဖြင့် သက်ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကျရန် ပြန်ကြားရေး ဝန်ကြီးဌာန မှ အသိပေးထားသည်။

ထို့ကြောင့် မိမိတို့၏ထုတ်ဝေစာများသည် ပုဒ်မ ၈ ပါစည်းကမ်းချက်များနှင့်အညီ ရေးသားထုတ်ဝေ ဆောင်ရွက်ရန်နှင့် နည်းဥပဒေ ၁၅ (ခ) နှင့်အညီ E-Book Soft Copy (၅) အုပ်/ (၅) စောင်ကိုမူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ပေးအပ်ရန် လိုအပ်ပါကြောင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှအသိပေးထုတ်ပြန်ထားသည်။
#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group