#Local_News
Published 10 November 2023


နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် CMP ကုန်ကြမ်းများကို စက်ရုံများသို့ အဆင်ပြေစွာ ရောက်ရှိနိုင်ဖို့အတွက် လုပ်ဆောင်ပေးရန် CMPလုပ်ငန်းရှင်များက တင်ပြထားကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့  အဆင်ပြေချောမွေ့စွာ ရောက်ရှိရေးအတွက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ CMP လုပ်ငန်းရှင်များနှင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး  ဒေါ်ခိုင်ခိုင်နွယ်ဦးဆောင်သော CMP လုပ်ငန်းရှင်များမှ  နယ်စပ်ဂိတ်များမှတစ်ဆင့် တင်သွင်းလာသည့်ကုန်စည်များ စက်ရုံ၊ အလုပ်ရုံများသို့  အဆင်ပြေချောမွေ့စွာ ရောက်ရှိရေး၊ နယ်စပ်တွင် ကြန့်ကြာနေသော ကုန်စည်များ၏အခြေအနေများ၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းစဉ်များ၊ သွင်းကုန်လိုင်စင်ကိစ္စရပ်များကို တင်ပြခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် CMP လုပ်ငန်းရှင်များ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

လတ်တလောတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည် ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ 

 

#Local_News #နယ်စပ်ဂိတ် #CMP #YMG/LW #Yangon_Times