#Local_News
Published-10 November 2023


တစ်နိုင်ငံလုံး၌စပါးခွံလောင်စာသုံး Gasifier ၄၀၀ကျော်ရှိပြီး ဧရာဝတီတိုင်း၌ ၃၀၀ ကျော်ဖြင့်အများဆုံးအသုံးပြုနေကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှသိရသည်။

 

အဆိုပါ စပါးခွံလောင်စာသုံး Gasifierများမှာ ဧရာဝတီတိုင်း၌ ၃၀၃ လုံး၊ စစ်ကိုင်းတိုင်း၌ ၇၈ လုံး၊ပဲခူးတိုင်း၌ ၁၆ လုံး၊ ရန်ကုန်တိုင်း၌ ၁၃ လုံးနှင့် ၊မန္တလေးတိုင်း၌နှစ်လုံး စုစုပေါင်း၄၁၂လုံးမှတ်ပုံတင်ထားကြောင်း သိရသည်။

 

'ဧရာဝတီတိုင်းကအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက ဒုတိယအများဆုံးပါ၊ ဒါပေမယ့် မှတ်ပုံမတင်ဘဲအပြင်မှာ ဒီတိုင်းလုပ်နေတဲ့ စက်ရုံတွေလည်းရှိပါတယ် 'ဟု စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ စပါးခွံလောင်စာသုံး Gasifierများအား ဆန်စက်၊ ဆီစက်အပါအဝင် MSME လုပ်ငန်းများ၌ အသုံးပြုလေ့ရှိကြကြောင်း၊ စပါးခွံအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းလာခြင်းတို့အပြင် စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ခြင်းစသည့် အားသာချက်များရှိကြောင်း သိရသည်။

 

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် စပါးခွံလောင်စာသုံး Gasifier များသည် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်းလုပ်သားများ ကျန်းမာရေးမထိခိုက်စေရန်နှင့် ပတ်ဝန်းကျင်(ရေထု၊ လေထု၊ မြေထု) ပျက်စီးမှုမရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ စပါးခွံလောင်စာသုံး Gasifier များထုတ်လုပ်မှုနှင့် သုံးစွဲမှုအတွက် လိုအပ်သော လိုက်နာဆောင်ရွက်ရမည့် လမ်း ညွှန်ချက်(SOP)များကို ဝန်ကြီးဌာနများ စုပေါင်း၍ သတ်မှတ်ပြုစုရေးဆွဲရန်ဆောင်ရွက်နေကြောင်း သိရသည်။

 

#Local_News #စပါးခွံလောင်စာသုံး #Gasifier #YMG/NN #Yangon_Times