Published_ 02 November 2023

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ Certificate of Identity- CI ဖြင့် တရားဝင်နေထိုင် လုပ်ကိုင်ခွင့် ရရှိစေရေး အပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးနှင့် စပ်လျဉ်း၍ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ (၃) ရက်မှ (၄) ရက်အထိ ကျင်းပမည့် အာဆီယံ - တရုတ်ဖိုရမ်သို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ လေကြောင်း ခရီးဖြင့် သွားရောက်စဉ်အတွင်း ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောက်ရှိရပ်နားစဉ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂ရက် နံနက်ပိုင်းတွင် ၄လေဆိပ်ရှိ အထူးဧည့်သည်တော်ခန်းမတွင် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr.Phiphat Ratchakitprakarn ဦးဆောင်သည့် ထိုင်းနိုင်ငံဘက်မှ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကဲ့သို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) သက်တမ်းတိုး လက်မှတ်ရေးထိုးရေး ကိစ္စရပ်များ၊ MoU လူသစ်စေလွှတ်ခြင်းနှင့် MoU U-turn စနစ်ဖြင့် လူဟောင်းပြန်လည် စေလွှတ်ခြင်းများအတွက် နှစ်နိုင်ငံပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်း တင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး ကိစ္စရပ်များအား နှစ်နိုင်ငံအကျိုးရလဒ်ကောင်းများ ပေါ်ထွက်စေရေး တို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group