#Local_News
Published_21 Jan 2025
▪️ တိုင်းရင်းဆေးပညာ သုတေသနများ၊ နိုင်ငံတကာနှင့်သုတေသနဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
▪️ ယနေ့ ဇန်နဝါရီလ ၂၀ ရက်က ပြုလုပ်သော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုဗီဒီယိုမိန့်ခွန်းအတွင်း အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
▪️ “ကျန်းမာရေးသုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့အကျိုးကိုရှေးရှုပြီး ပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမိုမြင့်မားလာစေရေး၊ အခြေခံ ကျန်းမာရေး ကောင်းမွန်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကူးစက်ရောဂါများနဲ့ မကူးစက်တတ်တဲ့ ရောဂါများရဲ့ ဖြစ်ပွားတတ်တဲ့ သဘောသဘာဝ ကိုသိရှိပြီး ကြိုတင်ကာကွယ်ကြနိုင်ရေးတို့အတွက် လက်တွေ့အသုံးချ သုတေသနများ၊ တိုင်းရင်းဆေးပညာ ဆိုင်ရာသုတေသနများ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားကြပါ။သုတေသနတွေက တွေ့ရှိရတဲ့ အချက်အလက်များကို လည်း ယခုလို ညီလာခံများ ကျင်းပခြင်း၊ သုတေသနဂျာနယ်များ၊ စာစောင်များထုတ်ဝေခြင်း စတဲ့ ပြည်သူ တွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြပါ။ အလားတူ ပြည်သူတွေအနေနဲ့ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက် ကုသမှုခံယူတဲ့အခါမှာ စိတ်ချမ်းသာရေး၊ လူနာဘေး ကင်းလုံခြုံ စိတ်ချရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ ကုသ စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ကုသ ရေးဆိုင်ရာနဲ့ ဆေးရုံစီမံအုပ်ချုပ်မှု ဆိုင်ရာ လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ပေးကြပါ”ဟု ယင်းက ပြောသည်။
▪️ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီ လာခံကို ၁၉၆၅ ခုနှစ်တွင် ပထမအကြိမ် စတင်ကျင်းပနိုင်ခဲ့ ပြီး သုတေသနစာတမ်းများကိုသာ တင်သွင်းဖတ်ကြားနိုင်ခဲ့ရာမှ ၁၉၉၁ ခုနှစ်တွင် ပြုလုပ်သော ညီလာခံကစ၍ သုတေသနပိုစတာပြပွဲကို ထည့်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် ၂၀၀၂ ခုနှစ် ညီလာခံကစတင်ပြီး ပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ဆွေးနွေးပွဲများကိုထည့်သွင်း၍ ပိုမိုအကျိုးရှိထိရောက် အောင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာခဲ့ကြောင်း သိရသည်။
▪️ ယခု(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ၏ ဆောင်ပုဒ် (Congress Theme) က “ကျန်းမာသောဘဝ ပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများ စဉ်ဆက်မပြတ် ဖြေရှင်းကြပါစို့- Moving forward to a healthy lifestyle and addressing health risk behaviors" ဖြစ်ကြောင်း သိရသည်။
ယင်းမှာ လက်ရှိအခြေအနေတွင် မကူးစက်တတ်သော ရောဂါများ အရေးကြီးလာပုံကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ပြီး ညီလာခံဆောင်ပုဒ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယခုညီလာခံကြီးတွင် သုတေသနစာတမ်း (၅၄)စောင် နှင့် ပိုစတာ (၄၃)စောင်ကို ဖတ်ကြားခဲ့ကြောင်း ၊ ညီလာခံသို့ တင်သွင်းလာသည့် စာတမ်းနှင့် ပိုစတာများထဲမှ အကောင်းဆုံးစာတမ်းနှင့် ပိုစတာများကို ဆုရွေးချယ်ရေးဆပ်ကော်မတီက စိစစ်အမှတ်ပေးရွေးချယ်၍ ဆုများထိုက်ထိုက် တန်တန် ပေးအပ် ချီးမြှင့် ဂုဏ်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။
#Yangon_Times/PP