#LocalNews
Published - 17 May 2022

 

ဧရာဝတီတိုင်းဒေသကြီးရှိ ပျူဂဝံမြို့ဟောင်းကို ခရီးသွားနေရာဒေသအသစ်အဖြစ် ဖော် ဆောင်သွားနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ ပျူဂဝံမြို့ဟောင်း ဆရာတော် ဦးပညာသီရိက မိန့်ကြားပါတယ်။

 

အဆိုပါ ပျူဂဝံမြို့ဟောင်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီးမှာ တည်ရှိပြီး ရှေးပျူခေတ်လက်ရာတွေ အများအပြားရှိနေတဲ့ ရှေးဟောင်းမြို့တော်တစ်ခုလည်းဖြစ်ပါတယ်။

 

လက်ရှိမှာ ပျူဂဝံမြို့ဟောင်းဒေသကို ခရီးသွားနေရာဒေသအသစ်အဖြစ် ဖော်ဆောင်နေသလို အဆိုပါ မြို့ဟောင်းနှင့် ပတ်သက်တဲ့ အထောက်အထားတွေကို စာရင်းပြုစုပြီး မြို့ဟောင်းအ ကြောင်း စာတမ်းတင်သွင်းနိုင်ဖို့ အဂ်လန် တက္ကသိုလ်ကျောင်းသားအဖွဲ့က သုတေသနစာတမ်း ပြုလုပ်နေတာဖြစ်တယ်လို့ ပျူဂဝံမြို့ဟောင်း ဆရာတော်က အခုလို မိန့်ကြားခဲ့ပါတယ်။

 

"ပျူဂဝံမြို့ဟောင်းကို ခရီးသွားနေရာဒေသအသစ်အဖြစ် ဖော်ဆောင်ဖို့ ခရီးသွားကုမ္ပဏီတွေနဲ့ ဆွေးနွေးထားတာ တွေရှိပါတယ်။ အခု အထက်ဘက်မှာဆိုလဲ မြို့ဟောင်းရဲ့ နေရာတွေ ဘုရား ခြေတော်ရာတွေ ကျောက်ခေတ်လက်ရာတွေ ကျောက်ခေတ်ပစ္စည်းတွေ တော်တော်များများ တွေ့ရတယ်။ ဒါတွေကိုလည်း အခုမှတ်တမ်းပြုစုနေတယ်ပေါ့။ အထက်ဘက်မှာတော့ လမ်း တွေက သိပ်မကောင်းဘူး။ ဒါတွေကိုလည်း အခုမိုးတွင်းမှာအပြီး ပြင်သွားဖို့ ဘုန်းဘုန်းတို့ စီစဥ် နေပါတယ်။ ခရီးသွားတွေကလဲ သူ့ဟာနဲ့သူတော့ လာကြပါတယ်။ လေ့လာကြပါတယ်၊ ပြောရရင် ခရီးသွားတွေကတော့ မပြတ်ရှိ နေပါတယ်။"လို့ ဆရာတော် ဦးပညာသီရိက မိန့်ကြားပါတယ်။

 

ရှေးဟောင်းသုတေသနဋ္ဌာနမှ ဆရာဘုန်းတင့်ကျော်ကတော့ ဒီနေရာကို ပျူမြို့ဟောင်းဟု ပြောဆိုထားပြီး ပျူဂဝံမြို့ဟောင်းနှင့် ပတ်သက်သည့် အကြောင်းအရာအပြည့်အစုံကိုလည်း ကမ္ဘာတက္ကသိုလ်ပေါင်းထောင်ကျော်ရှိသည့် အကယ်ဒမီ Website တွင် ရေးသားလွှင့်တင်ထားတယ်လို့ ဆိုပါတယ်။

 

အဆိုပါ မြို့ဟောင်းဟာ ဘီစီ ၃ ရာစုနှင့် ၆ ရာစု အတွင်း တကောင်းခေတ်ဟုခေါ်တွင်သော ပျူခေတ်တွင် ပျူမြို့ ၃၂ မြို့၊ တပ်မြို့ ၉ မြို့ ၊ မြို့ငယ်ပေါင်း ၂၀၀ ကျော်ရှိသည့်အနက် ပင်လယ်ပျူမြို့ဟူသော မြို့သည်ဧရာဝတီတိုင်း အတွင်းတည်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယခုမြို့ဟောင်းသည် အင်းဝခေတ်ထက်နှစ်တစ်ထောင်ပိုစောသော ပျူခေတ်လက်ရာဟုလည်း ပညာရှင်တွေက ကောက်ချက်ချထားပါတယ်။

 

ထို့အပြင် ပျူဂဝံမြို့ဟောင်းဒေသကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်နိုင်ကြဖို့နဲ့ ခရီးသွား နေရာဒေသ အသစ်အဖြစ်ဖော်ဆောင်ဖို့ ပြည်တွင်း ခရီးသွားကုမ္ပဏီ (၄၀)ဝန်းကျင်ခန့်နဲ့ ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ထားတယ်လို့လည်း သိရှိရပါတယ်။

 

ymg/kg
#Yangon_Media_Group