၁၄ မေ ၂၀၂၄
ပဋိပက္ခပြွမ်းနေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုကို ကြားဝင်စေ့စပ်ပေးဖို့ ခံဝန်ဖြင့်နေနေရတဲ့ ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ အလောတကြီး အစပျိုးလုပ်ဆောင်လာမှုဟာ ဘယ်သူတစ်ဦးတစ်ဖွဲ့မှ အပစ်အခတ်ရပ် ရေး ပြောလိုစိတ်မရှိကြတဲ့အလျောက် အချိန်မကျသေးဖြစ်နေတယ်လို့ သမ္မားဆက်တက္ကသိုလ်မှ ပညာရှင်တစ်ဦးက ပြောကြား လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကိုပြန်လာကာ ခြောက်လထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာခဲ့တဲ့ သက်ဆင်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနှင့် နစကအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကြားဝင်စေ့စပ်ပေးနိုင်မယ့် အလားအလာတွေကို ရှာ ဖွေဖို့အတွက် NUG နှင့် ပဋိပက္ခပြွမ်းနေတဲ့ မြန်မာနိုင်ငံမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဧပြီလက တွေ့ဆုံ ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ KNU၊KNPP၊ KIO နှင့် RCSSတို့မှ ကိုယ်စားလှယ်တွေကို သူ့ရဲ့ငြိမ်းချမ်းရေး ဖျန်ဖြေရေးအစီအစဉ် ကမ်းလှမ်းဖို့ ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။
“ကမ်းလှမ်းမှုဟာ အချိန်မကျသေးဖြစ်နေတယ်။ နစကအနေနှင့် အကြမ်းဖက်လို့ သူတို့သတ်မှတ်ထားတဲ့ လက်နက်ကိုင်တွေ နှင့် ဘယ်တော့မှ အတူထိုင်မှာမဟုတ်လို့ပဲ” လို့ သမ္မားဆက်တက္ကသိုလ်၊ အရှေ့အာရှလေ့လာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒူလျာပက် ပရီချာရတ်က Thai PBS World နှင့် အင်တာဗျူးမှာပြောပါတယ်။
အပစ်အခတ်ရပ်ရေးအတွက် ကြားဝင်ဖျန်ဖြေပေးဖို့ သက်ဆင်ကို အခွင့်ပေးတဲ့ တရားဝင်စာရွက်စာတမ်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက လက်မှတ်ထိုးပေးဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကြိုးစား မှုက မအောင်မြင်ဖြစ်သွားခဲ့တယ်လို့ ဒူလျာပက်ကပြောပါတယ်။ ဒါပေမယ့် သက်ဆင်ဟာ လက်မြှောက်လိုက်မယ့် ပုံမပေါ် ဘူးလို့လည်း သူကဆက်ပြောပါတယ်။
သက်ဆင်ရဲ့အစပျိုးလုပ်ဆောင်မှုအပေါ် နစကဘက်ကလည်း တုန့်ပြန်မှုမလုပ်သေးပါဘူး။
“မြန်မာနစကသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းပြမြေပုံအောက်တွင် အထွေထွေရွေးကောက်ပွဲတစ်ခု ကျင်းပပြီး ရှေ့သို့လှမ်းချီမည့် အစီအစဉ်ကို ကြေညာခဲ့ပြီးသည့်အလျောက် ငြိမ်းချမ်းရေးဆိုင်ရာမည်သည့် ဦးစီးဦးရွက်ပြုမှုမျိုးကိုမဆို သူတို့စိတ်ဝင်စားလိမ့်မည်မဟုတ်”လို့ “မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြုခြင်းနိုင်ငံရေး” ဆိုတဲ့ စာအုပ်ကိုလည်းရေးသားခဲ့တဲ့ ဒူလျာပက်က ပြောပါတယ်။
နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် မြန်မာနိုင်ငံသို့ ယခု တစ်ပတ်လာရောက်သည့်အခါ ရွေးကောက်ပွဲအစီအစဉ်ကို ဟွန်ဆန်နှင့်ဆွေးနွေးပါလိမ့်မယ်။
ထိုင်းနယ်စပ်တလျောက် တိုင်းရင်းသားလက်နက်ကိုင်များက ထိုးစစ်အကြီးကြီးတစ်ခု ဆင်နွှဲနေချိန်တွင် သက်ဆင်၏ ငြိမ်းချမ်း ရေးဦးစီးဦးရွက်အစပျိုးမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဧပြီလစောစောပိုင်းက ထိုင်းနိုင်ငံ တက်ပြည်နယ်ရှိ မဲဆောက်ခရိုင်ဟိုဘက်က မြန်မာ့စစ်တပ်၏ အမာခံထိန်းချုပ်ရာ မြဝတီ မြို့ကို ကေအင်န်ယူ၏ စစ်ရေးအဖွဲ့ KNLA နှင့် NUG ၏ PDF တို့က တိုက်ခိုက်လာသည့်အခါ ထိုင်းအာဏာပိုင်များက ယင်းကို သတိကြီးစွာထားခဲ့ကြပါတယ်။
သက်ဆင်၏ မထင်မှတ်သည့် ယခုဆောင်ရွက်မှုသည် ဖွေထိုင်းပါတီဦးဆောင်သည့် အစိုးရအတွက် နိုးကြားသွားစေခဲ့ပါတယ်၊
ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင်းသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းဆွန်ခရမ်ပွဲတော်အတွင်းတွေ့ဆုံခဲ့ပါ တယ်။ ထိုအချိန်ပိုင်းလောက်မှာပင် သက်ဆင်က မြန်မာအတိုက်အခံအုပ်စုကိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဆာရက်သာက မေးခွန်းထုတ်စရာ အဆိုပါ တွေ့ဆုံမှုကို သူမသိဟု သတင်းထောက်များကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်ရဖို့ ထိုင်းအစိုးရကမြင်လိုတယ်လို့ ဆာရက်သာကပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လုံခြုံရေးအဖွဲ့အစည်းတွေအပါအဝင် အစိုးရဌာနတော်တော်များများဟာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနှင့် တိတ်တိတ်ဆိတ် ဆိတ်အလုပ်လုပ်နေကြပါတယ်လို့လည်း သူကပြောပါတယ်။
အသစ်ခန့်အပ်ခံရတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂျာပွန်ဆာက သက်ဆင်လုပ်ခဲ့တဲ့အစည်းအဝေးကို သူသိခဲ့တယ် လို့ပြောပြီး သက်ဆင်အစပျိုးလုပ်တာဟာ ထိုင်းအစိုးရနှင့်မဆိုင်ဘူးလို့လည်း သူကထပ်ပြောပါတယ်။
လူတော်တော်များများကိုသူသိပြီး သက်ဆိုင်တဲ့အဖွဲ့တွေအကြားလည်း အတော်သိထားပြီးသားဖြစ်နေလို့ ထိုင်းဝန်ကြီးချုပ် ဟောင်းဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို သူ့ပုဂ္ဂလိကသဘောနှင့်သူလုပ်ဆောင်တာဖြစ်မယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး အသစ်က ပြောပါတယ်။
ထိုင်းအောက်လွှတ်တော် လုံခြုံရေးနှင့်နယ်စပ်ရေးရာကော်မတီအနေနှင့် သက်ဆင်လုပ်ဆောင်မှုနှင့်ပတ်သက်လို့ ထွက်ဆိုပေး ဖို့ အစိုးရအရာရှိကြီးတွေကို ဆင့်ခေါ်မယ်လို့ အဆိုပါကော်မတီဥက္ကဋ္ဌ ရန်ဆီမန်ရုမ်းက ပြည်တွင်းမီဒီယာတစ်ခုကိုပြောပါတယ်။
သက်ဆင်ရဲ့ အခန်းကဏ္ဍကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပတ်သက်တဲ့ အစိုးရမူဝါဒအပေါ် နိုင်ငံတကာအသိုက်အဝန်းက မရှင်းမလင်းဖြစ်စေတယ်လို့လည်း သူကပြောပါတယ်။
သက်ဆင်ဟာ သူအာဏာရတဲ့ ၂၀၀၁မှ ၂၀၀၆ အတွင်း အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှု ကြီးမားခဲ့သူဖြစ်တယ်လို့ တော်တော်များများလက်ခံသိထားကြပါတယ်။
၂၀၀၃ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်အောက်က မြန်မာအစိုးရနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပြန်လည်သင့်မြတ်ဖို့ ဘန်ကောက်လုပ်ငန်းစဉ်လို့သိကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို သူ့အစိုးရက ကမကထပြုလုပ်ခဲ့ပါ တယ်။
အဲဒီကမကထပြုမှုကနေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရည်မှန်းချက်မရရှိခဲ့ပေမယ့် နိုင်ငံတကာအသိုက်အဝန်းမှာ သက်ဆင် အစိုးရဟာ အတော့်ကို အကျိုးအမြတ်ထွက်စေခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် သက်ဆင်ထိတွေ့ဆက်ဆံမှုဟာ အားလုံးကောင်းခဲ့တာမဟုတ်ပါဘူး။ ၂၀၀၆ခုနှစ်မှာ ထိုင်းမှာ စစ်တပ်အာဏာ သိမ်းပြီးနောက် အဲဒီတုန်းက ရှင်နာဝါထရာပိုင် ထိုင်းကွန်းမ်ဂြိုဟ်တုကနေ ဆက်သွယ်ရေးပစ္စည်းတွေနှင့် ဝန်ဆောင်မှုတွေရယူ နိုင်ဖို့ ထိုင်းထုတ်ကုန်သွင်းကုန်ဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံကို ၂၀၀၄မှာ ထိုင်းဘတ်ငွေ ၄ ဘီလျံချေးငှားခဲ့တာဟာ သက်ဆင်ရဲ့ ကိုယ်ကျိုးစီးပွားပဋိပက္ခတစ်ခုဖြစ်တယ်လို့ အာဏာသိမ်းထိုင်းစစ်အစိုးရက သက်ဆင်ကိုစွပ်စွဲခဲ့ပါတယ်။
သက်ဆင်ဟာ အဲဒီကိစ္စနှင့်ပဲ ထောင်(၃)နှစ်အပြစ်ပေးခံခဲ့ရတာပါ။
သက်ဆင်ဟာ နစကထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း နက်ရှိုင်းပြီးရှည်ကြာတဲ့ အဆက်အသွယ် ရှိခဲ့ပါတယ်။ ၂၀၁၃ခုနှစ် ဆွန်ခရမ်ပွဲတော်အတွင်းမှာ သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကိုယ်ရေးကိုယ်တာ အလည် အပတ်ခရီးသွားရောက်ခဲ့ပြီး ပြင်ဦးလွင်က ဇိမ်ခံစံအိမ်ကြီးမှာနေထိုင်ခဲ့ပါတယ်။ ဒါဟာ အများသိကြတဲ့ သက်ဆင်ရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေဖြစ်ပါတယ်။
သူ့ရဲ့မြန်မာအဆက်အသွယ်က သူ့နှမ ယင်လတ်ရှင်နာဝါထရာ အစိုးရအနေနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း မဂ္ဂါစီံမံကိန်းကြီး ကို ရယူရာမှာ အဆင်ပြေချောမွေ့စေခဲ့ပါတယ်။အဲဒီစီံမံကိန်းက အစမပျိုးနိုင်ခဲ့သေးပါဘူး။
သက်ဆင်ရဲ့ လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အကြီးအကျယ်အကျိုး သက်ရောက်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဗျူရိုကရက်ကြီးစိုးတဲ့ မဏ္ဍိုင်ကြီးသုံခုအပေါ် တည်ထားလို့ဖြစ်ပါတယ်။ အဲဒါတွေက နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီနှင့် စစ်တပ်တို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံလို လုံခြုံရေးကိစ္စက အရေးကြီး ပူပန်စရာဖြစ််နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးရာမှာ ရွေးကောက်ခံအစိုးရတစ်ရပ်ဟာ လွတ်လပ်မှုမရှိပါဘူး။
ဆာရက်သာအစိုးရဟာမြန်မာနိုင်ငံမူဝါဒကို အနည်းအကျဉ်းလောက် ချိန်ညှိတာရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အလုံးစုံ မူဝါဒအနေနှင့်ကတော့ ဗိုလ်ချုပ်ကြီး ပရာဝတ်ချန်အိုချာလက်အောက်က စစ်တပ်ကျောထောက်နောက်ခံအစိုးရက လွန်ခဲ့တဲ့ နှစ်များမှာ ကျင့်သုံးခဲ့တဲ့ မူဝါဒနှင့် သဘောချင်းထပ်တူဖြစ်နေဆဲပဲလို့ ဒူလျာပက်က ပြောပါတယ်။
ထိုင်းစစ်တပ်နှင့်မြန်မာ့တပ်မတော်အကြား ဆက်သွယ်မှုဟာ ထိုင်းနှင့်မြန်မာအကြား နှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံ ဖြစ်နေဆဲပဲ လို့ သူကဆက်ပြောပါတယ်။
ထိုင်းရဲ့မဏ္ဍိုင်ကြီးသုံးရပ်စောင့်ကြပ်မှုအောက်မှာ ထိုင်းနိုင်ငံဟာ အမျိုးသားအကျိုးစီးပွားအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် သူ့အစိုးရကို ဆက်လက်ထောက်ခံအားပေးနေခဲ့တာဖြစ်တယ်လို့ ပညာရှင်ဒူလျာပက်ကပြောပါတယ်။
ဆာရက်သာရဲ့အစိုးရဟာ ယင်းရဲ့ လူသာချင်းစာနာထောက်ထားမှု ဦးစီးဦးရွက်အလုပ်တွေဆက်လုပ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် ခရီးရောက်ပြီးထိရောက်ဖို့ ပိုကြိုးစားအားထုတ်သင့်တယ်လို့လည်း ဒူလျာပက်ကပြောပါတယ်။
အာဆီယံက အသိအမှတ်ပြုပေးထားတဲ့ ထိုင်းအစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု စင်္ကြဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေ သတွေက လိုအပ်မှုတွေရှိနေကြတဲ့ လူပေါင်းနှစ်သောင်းကို အကူအညီပေးဖို့ ကနဦးရည်မှန်းထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအစီအစဉ်အပေါ် ဝေဖန်မှုတွေနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက လူတစ်ဦးချင်းစီကို အကူအညီတွေရောက်ရှိရေးမှာ အဲဒါတွေ ကို စစ်ဆေးစောင့်ကြည့်နိုင်တဲ့ ဒါမှ မဟုတ် ပိတ်ပင်နိုင်တဲ့ လုံခြုံရေးအဖွဲ့တစ်ခုကဲ့လို ဆန့်ကျင်ဖက်အဖွဲ့အစည်းတွေက ရှုမြင်ထားတဲ့ မြန်မာ့ကြက်ခြေနီအသင်းက နေတစ်ဆင့် အကူအညီတွေပေးခဲ့လို့ဖြစ်ပြီး အဲဒါဟာ ဝေဖန်ရခြင်းရဲ့အခြေခံအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။
မြန်မာအရေးကို စိတ်ဝင်တစားလိုက်ပါလေ့လာနေတဲ့ ဒူလျာပက်က လူသားဆိုင်ရာအကူအညီတွေကိစ္စမှာ ထိုင်းအစိုးရ အနေ နှင့် ပြည်တွင်းနှင့်နိုင်ငံတကာမှ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနှင့် အောက်ခြေမှာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြော ပါတယ်။ အဲဒီအပြင် နေရပ်ရွှေ့ပြောင်းခဲ့ရသူတွေထံ အဲသလိုလူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ထိထိ ရောက် ရောက်ပေးပို့နိုင်တဲ့ မြန်မာနိုင်ငံက ပြည်သူ့အဖွဲ့အစည်းတွေနှင့်လည်း လက်တွဲဆောင်ရွက်သင့်တယ်လို့ သူကပြောပါတယ်။
( Thai PBS World သတင်းဌာန၏ နိုင်ငံရေးသတင်းအဖွဲ့ကရေးသားသည့် Thaksin’s half-baked peace plan for Myanmar unlikely to take off သုံးသပ်ချက်ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုပါတယ်)