၈ နိုဝင်ဘာ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းပြဿနာ၏အစမှာ မူးယစ်ဆေးဝါးဖြစ်သည့်အတွက် မူးယစ်ဆေးဝါးနှိမ်နှင်းရေးနှင့် ယင်းအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေးဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

နိုဝင်ဘာ ၈ရက် က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(ကာ/လုံ)မှာ  ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏အစ မှာ မူးယစ်ဆေးဝါးပြသနာပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသောငွေများဖြင့် အာဏာရရှိရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့်အသက်ဆက်ခဲ့ကြောင်း၊ အဆိုပါလမ်းစဉ်ဖြင့် မူးယစ်ဆေး ထုတ်လုပ်၊ သယ်ဆောင် ရောင်းချမှုကို ကာကွယ်ခဲ့ကြောင်း၊ လောင်းကစားကဲ့သို့ တရား မဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း” ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားချက်ကို နစကသတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

အဲဒီအတွက် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး  ယင်းသို့ဆောင်ရွက်နိုင်ရန် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မား ရေးကိုဆောင်ရွက် သွားရမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဟူ၍နှစ်မျိုးရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော်လည်း မိမိတို့နိုင်ငံ၏သမိုင်း ကြောင်းအရ ပြည်တွင်းသောင်းကျန်းမှုများကို နှိမ်နှင်း ခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည် တိုးတက်  မြင့်မားရေးဆောင်ရွက်သွားရမည်ဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုပါတယ်။

ချင်းရွှေဟော်ဒေသ မှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

MNDAA သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှရရှိသည့် အကျိုး အမြတ်များကိုခံစားလိုပြီး ယင်းတို့၏အာဏာကို တည်ဆောက်လိုခြင်းကြောင့် ယခု ဖြစ်စဉ်များဖြစ်ပွားသည်ကိုတွေ့ရှိရတယ်လို့ ဗိုလ်ချုပ်မှူးကြီး က ကာ/လုံအစည်းအဝေးတွင်ပြောကြားခဲ့ပါတယ်။

လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ကြီးမားသည့် မူးယစ် ဆေးဝါးဖြစ်စဉ် ၁၈ ခုရှိပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၈၂  ကြိမ်၊ တရားခံပေါင်း ၁၄၀ ဦး၊ ကာလတန်ဖိုးငွေ ၇၁ ဒသမ ၅၉ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

အဆိုပါမူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေ ဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။

-ymg/knl