Published 3 November 2023

ထိုင်းနိုင်ငံ လာချပူရီခရိုင် အတွင်း ရှိ အထည်ချုပ်စက်ရုံ ပိုင်ရှင်က ကြိုတင် အကြောင်းကြားမှု မရှိဘဲ အလုပ်ရပ်နား လိုက်တာကြောင့် ယင်းစက်ရုံ တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ၁၀၀ကျော် အခက်ခဲ ဖြစ်နေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက် သူများထံ က သိရသည်။

အဆိုပါ စက်ရုံ တွင် MOU လုပ်သားများနှင့် နှစ်ရှည် အထည်ချုပ် ကျွမ်းကျင် လုပ်သားများ စုစုပေါင်း ၁၃၀ ဦး ရှိကြောင်း သိရသည်။

''ကျွှန်တော်တို့ အဖွဲ့ ကို အကူညီတောင်းလို့ သွားရောက် ဖြေရှင်းပေးတဲ့ အခါ မှာ အလုပ်ရှင်က အော်ဒါတွေ နည်းပြီး ရေရှည် ရပ်တည် လို့ မရလို့ အခုလို ရပ်နားတာလို့ ပြောတယ် အလုပ်ရပ်နား ရင် အခုလို မျိုး လုပ်လို့မရ ဘူး အလုပ်သမား တစ်ဦးချင်း လုပ်သက် အလိုက် နစ်နာကြေးတွေ ရရှိရမှာပါ''ဟု အလုပ်သမားအရေးဆောင်ရွက်ပေးသူတစ်ဦးကပြောသည်။

ထိုင်း အလုပ်သမား ဥပဒေ အရ အလုပ်မှ ရပ်နားပါက အလုပ်သမား တစ်ဦးချင်း လုပ်သက်အလိုက် ခံစားခွင့် နစ်နာကြေး များ ကို အလုပ်ရှင် ကပေးရမည် ဖြစ်ပြီး ထိုင်းအလုပ်သမားအကာကွယ်ပေးရေးဌာန မှ သက်ဆိုင်ရာ ပကန်စံခွန် အလုပ်လက်မဲ့ နစ်နာကြေး ကို ပေးရမည် ဖြစ်ကြောင်း ကို ထိုင်း အလုပ်သမားဝန်ကြီဌာန တည်ဆဲဥပဒေ အရ အတည်ပြုသတ်မှတ်ထားကြောင်း သိရသည်။

ထိုကြောင့် မြန်မာအလုပ်သမား အရေးဆောင်ရွက်သူများ က အလုပ်သမား များ ရပိုင်ခွင့်များ ကိုအချိန်တိုအတွင်း ရရှိရန် အလုပ်သမားတရားရုံးကို ဦးတိုက် လျှောက်ရန် အလုပ်သမားများ၏ သဘောတူညီချက် ဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
‌#Yangon_Times/LW
#Local_News
#Published_ 03 November 2023
#YMG #Yangon_Times #Yangon_Media_Group