ဇူလိုင်-၁၂၊၂၀၂၃

ဒေါ်အောင်ဆန်းစုကြည်နှင့်သူ မြန်မာနိုင်ငံမှာ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို  အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပြောကြားခဲ့တယ်လို့ တိုကျိုသတင်းဌာနက သတင်းရေးသားပါတယ်။

အကျပ်အတည်းအဆုံးသတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုတွေပြန်လည်စတင်ဖို့ တောင်းဆိုခဲ့တယ်လို့  ဒွန်ကပြောကြောင်း ချယ်နယ်နယူးအေးရှားရဲ့ သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။

“ သူမဟာ တွေ့ဆုံဆွေးနွေးမှုကိုတိုက်တွန်းအားပေးခဲ့တယ်” လို့ ဒွန်ကပြောပါတယ်။

“ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့တယ်” လို့လည်း ဒွန်ကပြောတယ်လို့ ချယ်နယ်နယူးအေးရှားက သတင်းဖော်ပြပါတယ်။

နေပြည်တော်က အာဏာပိုင်တွေနှင့် စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့အတွက် သူက အကြံပေးခဲ့တယ်လို့လည်း ဒွန်က ပြောတဲ့အကြောင်း ချယ်နယ်နယူးအေးရှားသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရာ ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန် က ပြောတဲ့အကြောင်း အာဆီယံ သံတမန် သတင်းအရင်းအမြစ်ကို ကိုးကားပြီး တိုကျိုသတင်းဌာနက သတင်းဖော်ပြထားပါတယ်။

ဒါဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်နိုင်ငံခြားရေးအရာရှိကြီးတစ်ဦးတို့ ပထမဆုံးတွေ့ဆုံတာဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။

ဂျာကာတာမြို့တော်မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ နှစ်ရက်တာအစည်းအဝေးတစ်ခု အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့တာကို အကျဉ်းချုပ်တင်ပြခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးတွေ့ဆုံတာ (၂)နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ဒွန်ကပြောပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်တစ်ခုအတွင်းတွေ့ဆုံခဲ့ပုံရတယ်လို့ တိုကျိုက သတင်းရေးသားပါတယ်။

Source kyodonews/ChannelNewsAsia/AFP