#Local_News
Published_ 6 May 2023


ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့်ဘဝရပ်တည်ရေးတို့တွင်ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဆွေက ပြောကြားခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်း အစည်းအဝေးကို မေ ၅ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပရာ၌ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ရှေ့ပြေး စမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ၎င်းတို့၏ လူမှုဘဝ တည်ငြိမ်ရေးအတွက် ဆောင်ရွက်ပေးရန် အရေးကြီးတယ်လို့ ဆိုပါတယ်။

 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်သူ အားလုံးအကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့် ယင်းကဲ့သို့ ဆောင်ရွက်ချက်များကို နိုင်ငံတကာ အသိုက်အဝန်းမှ သိရှိရေး ဆောင်ရွက်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

 

လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တိုးတက်မှု အခြေအနေများ၊ ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါတယ်။

 

ရခိုင်ပြည်နယ်တွင်း အကူအညီများ ပေးအပ်ရာ၌ အသိုက်အဝန်းများအကြား ခွဲခြားမှုမရှိ မျှတစွာပေးအပ်ရေးသည် အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဆိုပါတယ်။

 

#ygm_mnn #Local_News #ရခိုင်ပြည်နယ် #နေရပ်စွန့်ခွာသူများ #ကုလသမဂ္ဂ
#YMG #Yangon_Media_Group