#Local_News
Published-27 April 2023

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံးသူ ၃ ဦးမှ ပျောက်ဆုံးနေသူ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို ဧပြီလ ၂၇ရက် နံနက် ၆ နာရီ ၁၆ မိနစ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းက သိရသည်။

 

"ပျောက်ဆုံးနေသူ ရုပ်အလောင်းကို ယနေ့နံနက်က ရေနစ်တဲ့နေရာရဲ့ အောက်ဘက်နားမှာတွေ့တာဖြစ်ပါတယ်။ ရေစီးနှင့်မျှောပါသွားပြီး စီးကြောင်းအပြင်ဘက်ကို ထွက်သွားတဲ့သဘောပါ။ ဒီမနက်မှာတွေ့ပါပြီ"ဟု အဆိုပါ လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။

 

ဖြစ်စဉ်မှာဧပြီလ ၂၆ ရက်၊ ညနေ ၅ နာရီဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး-အနောက်ပိုင်း(ပြည်ခရိုင်)ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်းမိသားစုဝင် ၆ ဦး ရေဆင်းချိုးကြရာမှ ရေနစ်မှုဖြစ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး ၃ ဦးကို မြေပြင်အရေးပေါ်ကုသပေး၍ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ရေနစ်သူများအား ဆက်လက်ရှာဖွေခဲ့ရာတွင် သေဆုံးသူ ၃ဦးအနက်မှ ၂ဦးကို ဧပြီလ၂၆ရက် ည ၇ နာရီ ၁ မိနစ်တွင် ၁ဦး၊ ည ၇ နာရီ ၅ မိနစ်တွင် ၁ဦးတွေ့ရှိခဲ့ပြီး ကျန်၁ဦးကို ဧပြီ ၂၇ ရက် နံနက် ၆နာရီ ၁၆ မိနစ်က ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ရေနစ်ခဲ့သူများမှာ အသက် ၁၃နှစ်အရွယ် ကောင်လေး၁ဦး၊ အသက် ၂၀ ဝန်းကျင်ခန့် အမျိုးသား၂ဦး၊ အသက်၃၀မှ၄၀ ဝန်းကျင် အမျိုးသမီး ၃ဦးတို့ဖြစ်ကြကြောင်းသိရသည်။

 

#ymg/pl #Local_News #ဧရာဝတီမြစ် #ပျောက်ဆုံးနေသူ
#YMG #Yangon-Media-Group