#Local_News
Published_ 27 April 2023


အရှေ့ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသောတိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း ဧပြီလ ၃၀ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်းနေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်းအများအပြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၆ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

 

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံဒေသအများအပြားတွင် အပူချိန် စံချိန်တင်မြင့်တက်နေမှုကြောင့် ဒေသတချို့တွင်ရေရှားပါးမှုနှင့် ကြုံတွေနေရခြင်းများအပြင် အပူချိန်မြင့်တက်မှုကြောင့် အသက်ဆုံးရူံးသည်အထိ ဖြစ်ပွားနေကြောင်း ပရဟိတအသင်းများမှ သိရသည်။

 

အချိန်အခါမဟုတ်မိုးရွာသွန်းမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ သတိပေးချက်ထုတ်ပြန်ထားပါသည်။

 

#ymg/ynzw #Local_News #ရန်ကုန် #ပြည်နယ်အများအပြား #မိုးရွာနိုင်
#YMG #Yangon-Media-Group