Published 23 April 2023

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့အနီးမှ ဖြတ်သန်းသွယ်တန်း တည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈နှင့် ၆၉ တာဝါတိုင်သုံးတိုင်မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ ပျက်စီးသွားခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အမြန်ဆုံးပြီးစီးရေး ပြန်လည် ပြုပြင်တည်ဆောက်နေတယ်လို့သိရပါတယ်။

အဆိုပါ ၂၃၀ ကေဗွီ ဘဲလင်း - အုန်းတော မဟာဓာတ်အားလိုင်းသည် လျှပ်စစ်ဓာတ်အား ၃၄၀ မဂ္ဂါဝပ်ခန့်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသများသို့ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ဧပြီ ၂၀ ရက်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတာဝါတိုင်သုံးတိုင် ပြိုလဲပျက်စီးသွားခဲ့၍ အဆိုပါဒေသများတွင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။

အဲဒါကြောင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံး လေးရုံးနှင့် မဟာဓာတ်အားလိုင်းမှူးရုံး သုံးရုံးတို့မှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၅၀ ဖြင့် အဖွဲ့ သုံးဖွဲ့ခွဲကာ ဓာတ်အားလိုင်းတာဝါတိုင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ ဧပြီ၂၂ရက်  မွန်းလွဲပိုင်းက အဆိုပါတာဝါတိုင်များ ပြန်လည်ပြုပြင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး  ပြည်သူများလျှပ်စစ် ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန် ဆုံး ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဂရုပြုဆောင်ရွက်သွားရန် မှာကြာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

-ymg/knl

#YangonMediaGroup

#လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

# တာဝါတိုင်အမှတ်၆၇၊ ၆၈နှင့် ၆၉လေပြင်းကြောင့်ပြိုလဲ