#Local_News
Published_ 23 February 2023

 

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ညပိုင်းစာကြည့်ချိန် ညနေ(၅)နာရီမှ(၁၀)နာရီအတွင်း အများပြည်သူအုပ်စုအတွင်းမှ ဓာတ်အားသုံးစွဲနေသည့်လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်သည်၊၊

 

အဆိုပါ အသိပေးပန်ကြားချက်သည် အများပြည်သူအုပ်စုအတွင်း ဓာတ်အားသုံးစွဲနေသော စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသို့ အသိပေးပန်ကြား ခြင်းဖြစ်သည်ဟုဆိုသည်၊၊

 

ထုတ်ပြန်ချက်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၈)ရက်မှ (၁၈)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မတ်လ(၁) ရက်မှ ၂၀ ရက်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်နိုင်ရေးအတွက် ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရေးကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူအုပ်စုအတိုင်း ဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအား မတ်လ(၁)ရက်မှ(၂၀)ရက်အထိ ညနေ(၅)နာရီမှ (၁၀)နာရီအထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးပန်ကြားလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊

 

ကန့်သတ်ချိန်အတွင်းဌာနမှ ဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားကြောင်းသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group