#Local_News
Published _28 January 2023

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြား မိုင်တိုင်အမှတ်၊ ၈၈/၂၂-၂၄ ရှိ တံတားအမှတ်(၄၁)ကို ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီခန့်အချိန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ယင်း မိုင်းထောင်ဖောက်ခွဲခဲ့သောကြောင့် တံတားပျက်စီးခဲ့သည့်အပြင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း(၁၀)လုံးကိုလည်း တွေ့ရှိရသည့်အတွက် မုပ္ပလင်-ကျိုက္ကသာ ရထားလမ်းပိုင်းကို ပိတ်ထားခဲ့ရကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ အပေါ်ချုပ်တန်းမိန်းခုံ(Top Cord) ပျက်စီးခဲ့ပြီး တံတားကြံ့ခိုင်မှုစစ်ဆေးပြုပြင်ကာ ရထားများ အမြန်ဆုံး ပြန်လည်ဖြတ်သန်းနိုင်ရေးအတွက် မြို့ပြအင်ဂျင်နီယာဌာန တံတားလုပ်ငန်းအဖွဲ့နှင့် တိုင်းအမှတ်(၈)ရှိ တာဝန်ရှိသူများက နေ့ရောညပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရထားလမ်းပိတ်ဆို့မှုကြောင့် ဇန်နဝါရီလ ၂၆ ရက် နံနက်(၈)နာရီတွင် ရန်ကုန်မှ ထွက်ခွာလာသည့် ခရီးသည်(၄၃၀)ဦး လိုက်ပါလာသော အမှတ်(၈၉)အဆန် လူစီးရထားနှင့် နံနက်(၉)နာရီ တွင် မော်လမြိုင်မှ ထွက်ခွာလာသည့် ခရီးသည်(၆၅၇)ဦး လိုက်ပါလာသော အမှတ်(၉၀)အစုန် လူစီးရထားတို့ကို တံတားတစ်ဖက်တစ်ချက်တွင် ရပ်တန့်စေကာ ခရီးသည်များအား ရထားကူးပြောင်း လိုက်ပါစေခဲ့ရသည့်အတွက်လမ်းခရီးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း သိရသည်။

 

အဆိုပါ တံတားမိုင်းဖောက်ခွဲ ဖျက်ဆီးမှုကြောင့် ဇန်နဝါရီလ ၂၇ ရက်တွင် ၎င်း လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမြန်ရထား(၄)စီး ဖျက်သိမ်းထားရကာ နေ့စဉ်ရထားစီး ခရီးသည် (၂၀၀၀) ကျော်ခန့် အခက်အခဲများစွာ ကြုံတွေ့ရကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်ထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း တံတားမိုင်းခွဲခံရမှု(၆)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၃)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲခြင်း၊ တွေ့ရှိခြင်း (၇)ကြိမ် ၊ ဘူတာရုံနှင့်ဝန်ထမ်း နေအိမ်များ မီးရှို့ဖျက်စီးခြင်း(၁)ကြိမ် ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံး၏ ရထားလမ်းနှင့် ရထားဘူတာ နယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲ ဖျက်ဆီးခြင်း(၁၀၇)ကြိမ်၊ ရထားတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း(၃၇)ကြိမ်၊ ဘူတာများကို မီးရှို့ဖျက်ဆီးခံရခြင်း(၁၀)ကြိမ် ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group