#Local_News
Published_28 January 2023

 

ပြေးဆွဲမှုယာယီရပ်နားထားသည့် ရန်ကုန်-မော်လမြိုင်ခရီးစဉ်များအားလုံးကို ယနေ့ (ဇန်နဝါရီလ ၂၈) ရက်တွင် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား(ရန်ကုန်ဘူတာကြီး)မှ သိရသည်။

 

ဇန်နဝါရီလ (၂၆) ရက် နံနက်အစောပိုင်း ရန်ကုန် - မော်လမြိုင် ရထားလမ်း ကျိုက်ထိုမြို့နယ် ကျိက္ကသာကျေးရွာနီးရှိ ခလွန်ချောင်း ရထားလမ်းသံတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားပြန်လည်ပြုပြင်နိုင်ရန်အတွက် မော်လမြိုင် - ရန်ကုန်ခရီးစဉ်များအား ယာယီရပ်နားခဲ့သော်လည်း၊ ယခုအခါ ပြုပြင်မှုများပြုလုပ်ပြီးဖြစ်သည့်အတွက် ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မော်လမြိုင်-ရန်ကုန် နေ့စဉ်ပြေးဆွဲလျက်ရှိသည့် အမှတ် (၉၀)အစုန်လေအိတ်ရထားသည် မော်လမြိုင်ဘူတာကြီးမှစတင်ထွက်ခွာပြီး ယင်း အမှတ်(၉၀)အစုန်လေအိတ်ရထားဖြင့်လိုက်ပါမည့် ခရီးသွားများအတွက် ရထားလက်မှတ်များအား နံနက် ၆ နာရီမှစတင်၍ နံနက် ၉ နာရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင် နံနက် ၇ နာရီ မှ နေ့လည် ၃ နာရီအထိ အထက်တန်းလက်မှတ်များအတွက် ၃ ရက်ကြို၊ ရိုးရိုးတန်းလက်မှတ်များအတွက် ၁ ရက်ကြို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ခရီးစဉ်သည် ရန်ကုန်-မော်လမြိုင် တိုက်ရိုက်စီးနင်းကြမည့် ခရီးသည်တွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရထားပြေးဆွဲမည့် ခရီးစဉ်တွေအနေဖြင့် မော်လမြိုင်မြို့၊ ပေါင်မြို့၊ သထုံမြို့၊ တောင်စွန်းမြို့၊ ကျိုက်ထိုမြို့၊ ပဲခူးမြို့နှင့် ရန်ကုန်မြို့ စသည့် ဘူတာများတွင် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group