#Local_News
Published_22 November 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုထဲက တစ်မှုကို နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် စတင်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က အဆိုပါ ရဟတ်ယာဉ်အမှုများနှင့်ပတ်သက်၍ နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် အမှုအားလုံးကို စစ်ဆေးပြီးစီးခဲ့ခြင်းလည်း ဖြစ်သည်။

 

"ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု အမှတ် ၄၆ ကို စပြီး စစ်တယ်၊ ဦးဝင်းမြင့်ကို အမှု ၅ ခု လုံး စစ်ပြီးပြီး၊ ဒါကြောင့် ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ကို စပြီးတော့ စစ်တာပေါ့၊ သူတို့နှစ်ယောက်လုံး ကျန်းမာရေးကောင်းကြပါတယ်"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က ရဟတ်ယာဉ်နှင့် ပတ်သက်သော အမှုငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ အောက်တိုဘာလ ၂၅ ရက်ကစ၍ ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ပြီးနောက် ဦးဝင်းမြင့်ကို စတင်စစ်ဆေးပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းလည်း ဖြစ်သည်။

 

ရဟတ်ယာဉ် နှင့်ပတ်သက်သောအမှုများမှာ အမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ကြပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ တရားစွဲဆိုထားသော အမှုများ ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group