#Local_News
Published _ 22 november 2022

 

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ မတ်ပဲဈေးနှုန်း တစ်တင်းလျှင်ကျပ် ၆၀၀၀၀ ဝန်းကျင်ဖြင့်ဈေးငြိမ်နေခဲ့ပြီး ယခုသီတင်းပတ်တွင် ၅သောင်း၈ထောင်အောက်သို့ ကျဆင်းနေလျှက်ရှိကြောင်း ဟင်္သာတကုန်စည်ဒိုင်မှ သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ နိုဝင်ဘာလ ၃ ရက်တွင် တစ်တင်းလျှင် ကျပ် ၅၇၅၀၀၊ ၄ ရက်နေ့တွင် ကျပ် ၅၈၀၀၀ ၊ ၈ ရက်နေ့တွင် ကျပ် ၆၀၀၀၀၊ ၉ ရက်နေ့တွင်ကျပ် ၆၀၀၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၆၀၃၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၅၉၈၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၆၀၀၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၅၈၈၀၀ အသီးသီးဖြစ်ခဲ့သည်။

 

"ဒီနေ့ပေါက်ဈေးကတော့ မနက်အဖွင့်ဈေးက ၅သောင်း၈ထောင်ပေါ့နော် အခုနေ့လည်ဈေးကတော့ ၅သောင်း၇ထောင့်၃ရာနဲ့ ငြိမ်နေပါတယ်။ အရင်ရက်တွေထက်စာရင် ဈေးပြန်ကျနေပါတယ်" ဟု ဟင်္သာတ ကုန်စည်ဒိုင်မှ တာဝန်ရှိသူက ဆိုသည်။

 

အိန္ဒိယနိုင်ငံသို့တင်ပို့သည့် မြန်မာမတ်ပဲဈေးနှုန်းများမှာ မတ်ပဲ SQ ၁ တန်လျှင် CNF ဈေးနှုန်း $950 နှင့် FAQ ဈေးနှုန်း $815 ဖြစ်ပြီး၊ မတ်ပဲ FAQ ၏ FOB ဈေးနှုန်းမှာ ၁ တန်လျှင် $ 770 ဖြစ်ကြောင်း သိရှိရသည်။

 

နိုဝင်ဘာလအတွင်း မြန်မာမတ်ပဲ ကွန်တိန်နာ ၂၀-၂၅ ခန့်တင်ပို့ခဲ့ပြီး ပြည်တွင်းကုန်သည်များ၏ ခန့်မှန်းချက်အရ မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၁၅၀၀၀ နှင့် ပဲစင်းငုံလက်ကျန် တန်ချိန် ၂၀၀၀၀ ခန့်မှန်းကျန်ရှိနိုင်ကြောင်း သိရသည်။

 

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းပြန်လည်ဖွင့်လှစ်မည့် သတင်းများကြောင့် တရုတ်သို့ တင်ပို့နေသည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများ၏ဈေးနှုန်းများတက်လာနေပြီး တဆက်ထဲ မတ်ပဲဈေးနှုန်းမှာလည်း ဈေးမတည်ငြိမ်ဘဲ လှုပ်ခတ်နေသည့် အနေအထားရှိနေကြောင်း ပဲကုန်သည်များမှ သုံးသပ်ထားကြသည်။

 

မြန်မာမတ်ပဲ ပြန်လည်စိုက်ပျိုးရာသီချိန်တွင်ဖြစ်ပေါ်နေသည့် လက်ရှိဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်နိုင်ပြီး အိန္ဒိယဘက်မှဝယ်လိုအားကြောင့် ဈေးအနည်းငယ်တက်လာနိုင်သော်လည်း ယခုထက်ပို ဈေးအမြင့်တန်းရရှိရန် မျှော်လင့်၍မရနိုင်ကြောင်းလည်း သုံးသပ်ထားကြသည်။

 

#ymg/NN
#Yagon_Media _Group