#LocalNews
Published _ 11 September 2022

 

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီမြို့ရှိ ရေသန့်ဘူးစက်ရုံက အလုပ်ဖြုတ်လိုက်သော မြန်မာအလုပ်သမား ၂၉ ဦးအတွက် အလုပ်ရှင်က လျော်ကြေး ဘတ် ၉သိန်းကျော်ကို စက်တင်ဘာလ ၉ ရက်တွင် ပေးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)က သိရသည်။

 

ယင်းတို့မှာ ယန္တယားများအကူအညီကို မယူဘဲ လုပ်အားတစ်ခုတည်းဖြင့်သာအလုပ်ခိုင်းစေနေမှုခံနေရသည့်အပေါ် အကူအညီမရသည့်အတွက် အလုပ်ရှင်အားတင်ပြရာ အလုပ်ရှင်ဘက်က လက်ခံဆွေးနွေးမှုမပြုဘဲ အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါကိစ္စကြောင့် အလုပ်သမားတွေက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)နှင့် ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(စဝါဒီကမ်)သို့ တိုင်ချက်ဖွင့်ခဲ့ရာ အလုပ်ရှင်က အလုပ်သမားတွေအား နစ်နာကြေးပေးရမည်ဟု စဝါဒီကမ်က အမိန့်ချခဲ့ခြင်းလည်း ဖြစ်သည်။

 

အမိန့်အပေါ် အလုပ်ရှင်က အမှတ်-၁ အလုပ်သမားတရားရုံး(စာရဘူရီ)တွင် အယူခံဝင်ခဲ့ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားများ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြရာ ၄၀ ရာခိုင်နှုန်း လျော်ကြေးပေးရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည့်အတွက် လျော်ကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

photo-MWRN
ymg/mt
#Yangon_Media_Group