#Local_News
Published _ 10 September 2022

 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဆုံးပါးသွားသည့် မြန်မာလုပ်သားအတွက် ထိုင်းနိုင်ငံလူမှုဖူလုံရေးအသင်းမှ ကျန်ရစ်ခဲ့သော မိသားစုကို လူမှုဖူလုံရေးသွင်းငွေခံစားခွင့် ဘတ်တစ်သိန်းကျော် ပေးအပ်ခဲ့ကြောင်း LPN Myanmar မှ သတင်းထုတ်ပြန်ထားရှိသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သား ဦးစောကျော်လင်းဟာ ကျန်းမာရေးချို့ယွင်းမှုကြောင့် မြန်မာနိုင်ငံ၊ ကော့ကရိတ်မြို့၌ ပြန်လည်နေထိုင်နေစဉ် ဆုံးပါးသွားခဲ့ပြီး ယင်းမြန်မာလုပ်သားဟာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေစဉ် ပကန်ဆမ်ခွန် ( လူမှုဖူလုံရေး) သွင်းငွေ ပုံမှန်သွင်းခဲ့သောကြောင့် သူဆုံးပါးသွားသည့်အခါ ၎င်း၏မိသားစုဟာ လူမှုဖူလုံရေးသွင်းငွေကို ခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။

 

ယင်းမှထည့်သွင်းခဲ့သည့် ပကန်ဆမ်ခွန်းငွေအား မိသားစုမှ ပြန်လည်ခံစားခွင့်အတွက် မြန်မာအလုပ်သမားအသံအရာရှိရုံး ထောက်ခံချက်အပါအဝင် လိုအပ်သည့်စာရွက်စာတမ်းတွေရရှိရန် LPN Myanmar က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

အဆိုပါ မြန်မာလုပ်သားဆုံးပါးအပြီး ရှစ်လကျော်အကြာ၌ ဈာပနအခမ်းအနားသုံးငွေ ဘတ် ၅၀,၀၀၀ နှင့် ပကန်ဆမ်ခွန်စုဆောင်းငွေ ပြန်လည်ထောက်ပံ့ကြေး ဘတ် ၅၀,၀၀၀ ကျော်ကို ညီမဖြစ်သူ ဒေါ်ဝင်းဝင်းခိုင်ထံ ထိုင်းနိုင်ငံလူမှုဖူလုံရေးအသင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပကန်ဆမ်ခွန် ( လူမှုဖူလုံရေး)ငွေသွင်းရာမှာ ၆လ ဆက်တိုက်ငွေမသွင်းလျှင် ပြန်လည်ထောက်ပံ့ကြေးခံစားခွင့် မရရှိနိုင်ကြောင်းလည်း LPN Myanmar မှ အသိပေးထားသည်။

#ymg/NN
#Yangon_Media_Group