#Local_News
Published_ 10 September 2022

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့သည် ရုရှားနိုင်ငံ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးစခန်းသို့ စက်တင်ဘာ ၉ ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

 

Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ ရောက်ရှိခဲ့ရာတွင် ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov၊ “Roscosmos” အာကာသအေဂျင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ပညာရှင် Mr. Nikita Perminov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါတယ်။

 

ထို့နောက် Angara ဒုံးပျံပစ်လွှတ်စင် တည်ဆောက်မှုလုပ်ငန်းခွင်နေရာနှင့် Soyuz-2 ဒုံးပျံပစ်လွှတ်စင်နေရာတိုသိုရောက်ရှိကြပြီး နည်းပညာရပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများနှင့် Technical Complex အတွင်းရှိ Rocket တပ်ဆင်ရေးအလုပ်ရုံနှင့် ဂြိုလ်တုထုတ်လုပ်ရေးအလုပ်ရုံအတွင်း လိုက်လံရှင်းလင်းပြသကြပါတယ်။

 

အဆိုပါ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းကို ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် ပထမဆုံး အာကာသယာဉ်ကို စတင်လွှတ်တင်နိုင်ခဲ့ပြီး ယနေ့အထိ အာကာသယာဉ် ၁၁ စင်းကို လွှတ်တင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

 

ဆက်လက်ပြီး Engineering-technical building(GP-5) သို့ရောက်ရှိကြပြီး ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ၊ အကြံပြုချက်များ၊ နည်းပညာဆိုင်ရာများနှင့် လူသားအရင်းအမြစ် မွေးထုတ်ရေးဆိုင်ရာတို့တွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံနည်းပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group