#Local_News
Published_ 9 September 2022

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။

 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ဆောင်ရွက်နေကြောင်း၊ တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ် အဆင်ပြေချောမွေ့စေရေးအတွက် လက်တွေ့တွင် လုပ်ဆောင်ပေးရန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

 

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နေရပ်စွန့်ခွာသူများ စိစစ်လက်ခံပြီးနောက် ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအပါအဝင် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါတယ်။

 

ယင်းနောက် ကော်မတီအတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ ကော်မတီ၏ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို လည်းကောင်း၊ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေး၏ အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

ဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီများကို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရယူရာတွင် မိမိတို့လိုအပ်ချက်နှင့်အညီ ရယူ၍ မြေပြင်တွင် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။

 

#ygm_mnn
#Yangon_Media_Group