#Local_News
Published _ 24 August 2022

 

စနစ်ဟောင်း သင်ရိုးဟောင်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးဖြေဆိုခွင့်ကို လာမည့် စက်တင်ဘာလ ၁ ရက် ၃၀ ရက်အတွင်း လျှောက်ထားနိုင်ပြီဟု နစကရဲ့ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် လာမည့် ၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာမှာ တစ်ယောက်ကို ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ကျပ် ၇၀၀ နှင့် လျှောက်လွှာတစ်စောင်ကို ကျပ် ၂၀၀ ကျသင့်မှာ ဖြစ်ကြောင်းသိရသည်။

 

စာမေးပွဲ ဝင်ခွင့်လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) ဖြေဆိုမယ့်သူများ အတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာ နှင့် ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊ (၄) ဖြေဆိုမည့် သူများမှာ ပန်းရောင်ဝင်ခွင့် လျှောက်လွှာ တင်သွင်းရန် သတ်မှတ်ထားသည်။

 

အခြေခံပညာအထက်တန်း ကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင် အ.ထ.ကကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ် ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်း၌ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမည်ဟု ဆိုထားသည်။

 

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာ ရေးမှူးရုံး၌ သတ်မှတ်ရက်များအတွင်း တင်သွင်းရမှာဖြစ်သလို စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံ၌ မိဘအမည်၊ မွေးသက္ကရာဇ်များအား ကျောင်းဝင်(ခ)စာရင်းအတိုင်း မှန်ကန်စွာဖြည့်စွက်ရမယ်လို့ဖော်ပြထားသည်။

 

စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများကိုမှန်ကန်မှု ရှိ၊မရှိ သေချာစွာစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ရမည်ဟု သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့်ရန်ကုန်မြို့၊ လှိုင် တက္ကသိုလ်နယ်မြေ၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၌ ဝယ်ယူနိုင်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ စာစစ်ဌာနမှ ထုတ်ပြန်ထားသည်။

 

ymg/NN
#Yangon_Media_Group