#Local_News
Published_23 August 2022

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သတင်းပေးပို့ပါက ဆုငွေ ချီးမြှင့်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

 

သတင်းပေးပို့သူနှင့်ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိမည် ဖြစ်ပြီး ရရှိမည့်ဆုငွေများကိုလည်း လျှို့ဝှက်စွာ ဆက်သွယ်အကြောင်းကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆက်သွယ်ထုတ်ပေးသွားမည့်အပြင် သတင်းပေးသူကိုပါ လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

တရားမဝင် တင်သွင်း၊ တင်ပို့မှုများ တွေ့ရှိပါက တင်သွင်း၊ တင်ပို့ ပစ္စည်းများနှင့် ပတ်သက်၍ တားဆီး၊ ဖမ်းဆီးနိုင်သည့် သတင်းအချက်အလက်တိတိကျကျဖော်ပြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များထံ လျှို့ဝှက်လုံခြုံစွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းလည်း အကောက်ခွန်ဦးစီးဌာနက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များဖြင့် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

 

တရားမဝင် တင်သွင်း၊ တင်ပို့မှုများနှင့် ပတ်သက်၍ တားဆီး၊ ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေ တပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးသူများ အားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူများအားလည်းကောင်း ပြည်ထောင်စုအစိုးရ အဖွဲ့၏အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်ရန် ထုတ်ပြန်ထားခြင်းလည်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group