#Local_News
Published_23 August 2022

 

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ဦးမောင်ဝိတ်နှင့်ဆက်စပ်အမှုနှစ်ခုအတွက် လိုပြသက်သေမလာသောကြောင့် ယနေ့ သြဂုတ်လ ၂၃ ရက်တွင်လည်း မစစ်ဆေးခဲ့ရကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

အဆိုပါအမှု နှစ်ခုကို ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်က ချေဖျက်ခွင့်တင်ခဲ့သော်လည်း ယခု(သြဂုတ်)လ ၁၇ ရက်တွင် ပယ်ချခဲ့ခြင်းလည်း ဖြစ်သည်။

 

"ရုံးချိန်းနှစ်ခုရှိပြီ၊ လိုပြသက်သေမလာတာ။ မလာဘူးဆိုရင် တရားလိုဖက်က ပယ်တာတွေ ဘာတွေလုပ်ရတာ ဖြစ်ပါတယ်။ တရားလိုက အဂတိတိုက်ဖျက်ရေးကော်မရှင် ဖြစ်တဲ့အတွက် သူတို့ဘက်ကပယ်ရမှာ။ ဒီနေ့ နှစ်ယောက် စစ်ရမယ်၊ အဲဒီနှစ်ယောက်ထဲမှာ ဦးသန့်သော်ကောင်းလည်းပါတယ်။ ဒါပေမဲ့ မလာကြဘူး။ ခြေဖျက်ဖို့တင်ထားတာတွေလည်း လက်မခံဘူး။ဒ ါကြောင့် အမှုကို နောက်တစ်ပတ် အင်္ဂါနေ့မှာ ရုံးချိန်းပြန်ချိန်းတယ်"ဟု အဆိုပါ နီးစပ်သူတစ်ဦးကပြောသည်။

 

ယနေ့ရုံးချိန်းတွင် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သော အမှုနံပတ် ၄၉ အတွက်လည်း လူကယ်ပြန်ဒုဝန်ကြီးဟောင်း ဦးစိုးအောင်အား တရားလိုပြသက်သေအဖြစ် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားသည့်အပြင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခဲ့သေးကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group