#Local_News
Published_ 18 Aug 2022

 

နှစ်စဉ်ပျဉ်းမျှ ဝါးအလုံးရေ ၁၄၇ သန်းနှင့် ကြိမ်အလုံးရေ ၄.၈ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများ ရှာဖွေပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံသည် အာရှတွင်တတိယမြောက် ဝါးနှင့်ကြိမ် သယံဇာတ ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး၊ ကြိမ်မျိုးစု ၆ မျိုးနှင့် ကြိမ်မျိုးစိတ် ၃၂ မျိုး ပျံ့နှံ ပေါက်ရောက်လျက်ရှိရာ စီးပွားရေးအရ အရေးပါသော ဝါးမျိုးစိတ် ၁၈ မျိုးနှင့် ကြိမ်မျိုးစိတ် ၁၄ မျိုးရှိကြောင်း သိရပါတယ်။

 

ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချမှုတွင် ကုန်ကြမ်းများ တင်ပို့ခြင်းထက် ဝါးအချောထည်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကြိမ်နှင့် ဝါးအခြေခံ စက်မှုလုပ်ငန်းများ တိုးတက်လာစေရန်အတွက် စက်ရုံများအတွက်လိုအပ်သော ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး သဘာဝတောများမှသာမက ဝါးစိုက်ခင်း များ တည်ထောင်၍ ဖြည့်ဆည်းဆောင်ရွက်သွားရန် ဝန်ကြီးက မှာကြားခဲ့ပါတယ်။

 

ဆက်လက်၍ တက်ရောက်လာသူများက ဝါး၊ ကြိမ် ပေါက်ရောက်မှု၊ ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုး ပျိုးထောင်မှုနှင့် ဝါးအချောထည်ပစ္စည်းများ တိုးမြင့်ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင် ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့နောက်ဝန်ကြီးသည် သစ်အချောထည်စက်ရုံအတွင်း တန်ဖိုးမြှင့် သစ်အချော ထည် ပစ္စည်းများထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် ဝါးကုန်ချောပစ္စည်းနှင့် ပရိဘောဂ ထုတ်လုပ်နေမှုကို လိုက်လံကြည့်ရှုခဲ့ပါတယ်။

 

မွန်းပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်ရှိ Green Gold Industry သစ်အချောထည် စက်ရုံအတွင်း ကျွန်း၊ ပျဉ်းကတိုး ကြမ်းခင်း၊ လှေကား၊ တံခါးနှင့် ပရိဘောထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group