#Local_News
Published_ 18 Aug 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိစိတ်ပြောင်းဆေး အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၁၂၀ နှင့် ကက်တမင်း ၅၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၅ ရက် နံနက် ၆ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင် ကျိုင်းဖောင်းစစ်ဆေးရေးဂိတ်တွင် စိုင်းတစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ကက်တမင်း ၅၃ ကီလိုနှင့် အိုက်စ် (မက်သ်အဖက် တမင်း) ၁၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ စိုင်းဆမ်(ဘ)ဦးထမ်ဝုန်းအား နံနက် ၇ နာရီတွင် ကျိုင်းတုံမြို့၊ အကောက်ခွန်ရုံးရှေ့၌ မော်တော်ဆိုင်ကယ်တစ်စီး၊ အိုက်စ်(မက်သ်အဖက် တမင်း) ကီလို ၄၀ နှင့်လည်းကောင်း၊ စိုင်းဆမ်(ဘ)ဦးဖျာဝန်း နံနက် ၇ နာရီခွဲတွင် ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း၊ ကျိုင်းတုံမြို့အထွက်တိုးဂိတ်၌ မော်တော်ဆိုင်ကယ်တစ်စီး၊ အိုက်စ်(မက်သ်အဖက်တမင်း) ၆၆ ကီလို၊ ကက်တမင်း ၆ ကီလိုနှင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိမှု စုစုပေါင်းမှာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေး အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၁၂၀ နှင့် ကက်တမင်း ၅၉ ကီလိုတို့ ဖြစ်ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးများအား မိုင်းပျဉ်း မြိုနယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group