#Local_News
Published -18 August 2022

 

အမေရိကန်ဒေါ်လာဈေးနှင့် ထိုင်းဘတ်ငွေဈေးများ မြင့်တက်နေမှုကြောင့် လက်ရှိ မြန်မာနိုင်ငံသို့ ထိုင်းသွင်းကုန်ပစ္စည်းများ တင်သွင်းနေမှု ရပ်တန့်လုနီးပါးဖြစ်နေကြောင်း မြ၀တီကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

လက်ရှိပြည်တွင်းဒေါ်လာဈေးမှာ ဗဟိုဘဏ် သတ်မှတ်ရည်ညွှန်းဈေး တစ်ဒေါ်လာကျပ်၂၁၀၀ ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၂၉၅၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည့်အတွက် ဈေးနှုန်းကွာဟမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

အလားတူ ထိုင်းဘတ်ငွေလဲလှယ်နှုန်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တစ်ဘတ်လျှင် ၆၉ ဝန်းကျင်ရှိရာမှ လက်ရှိ တွင် ၇၅ ကျပ်ဝန်းကျင်သို ရောက်ရှိလာကာ ပို့ကုန်တင်ပို့နိုင်ခြေ လျော့နည်းလာသည့်အတွက်လည်း ထိုင်းဘတ်ငွေ ဈေးများဆက်လက်မြင့်တက်နိုင်ခြေရှိကြောင်း သိရသည်။

 

ယင်းကဲ့သို့ ထိုင်းဘတ်ငွေဈေး စံချိန်တင်မြင့်တက်လာပြီး ဘတ်ဈေးနှုန်းမှာ တစ်ရက်တည်း၌ပင် အတက်အကျ အပြောင်းအလဲဖြစ်နေသောကြောင့် ကုန်စည်ဈေးနှုန်းများမှာ အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိကာ ဈေးနှုန်းသတ်မှတ်နိုင်ခြင်းမရှိသည့်အတွက် ကုန်သည်များအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

 

ဗဟိုဘဏ်အနေဖြင့် နယ်စပ်ကုန်သွယ်ရေးအတွက် ငွေကြေးသုံးစွဲခွင့်ကို ယခုနှစ်အစောပိုင်းက နိုင်ငံအလိုက်ငွေကြေးနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ်ခွင့်စနစ်ကျင့်သုံးခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာဖြင့်သာပြန်လည်ပေးချေရန် ပြောင်းလဲသတ်မှတ်ထားခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ထိုင်းမှ ဆပ်ပြာမှုန့်၊ အလှကုန်ပစ္စည်း၊ ယိုးဒယားစက်ဘီး၊ အခြေခံစားသောက်ကုန်၊ အရက်၊ ဘီယာ၊ အချိုရည်၊ အဝတ်အထည်၊ ကော်ပစ္စည်း၊ ဆေးဝါးအချို့၊ ဆိုင်ကယ်နှင့် ယာဉ်အပိုပစ္စည်းများကို တင်သွင်းနေ ခြင်းဖြစ်သည်။

 

ymg/sth
#Yangon_Media_Group