#Local_News
Published_16 August 2022

 

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးအောင်ခန့်အား စစ်မေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

ယနေ့ သြဂုတ်လ ၁၆ ရက်တွင် နေပြည်တော် အကျဉ်းထောင်အတွင်းတရားရုံး၌ စစ်မေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ စောင့်ရှောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့ရှိပြီး ယင်းအထဲမှ ရဟတ်ယာဉ်ဝယ်ယူခြင်း ကိစ္စရပ်များအတွက် အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

 

ရာဇဝတ်ကြီးအမှု အမှတ် ၄၉ နှင့်ပတ်သက်၍ အစိုးရနှင့် ကုမ္ပဏီအကြား ဆောင်ရွက်ခဲ့သည့် စာချုပ်စာတမ်းများကို လွန်ခဲ့သော ဇွန်လ ၁၃ ရက်ရုံးချိန်း၌ တရားလိုဘက်မှ တင်ပြထားခဲ့ခြင်းလည်း ဖြစ်သည်။

ymg/mt
#Yangon_Media_Group