#Local_News
Published_16 August 2022

 

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိနေသည့် ကုလအထူးသံတမန် နိုလင်းဟေဇာနှင့် နစက တာဝန်ရှိသူများ မနက်ဖြန် သြဂုတ်လ ၁၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

"မနက်ဖြန် သူ သက်ဆိုင်သူတွေနဲ့တွေ့ပါမယ်။ ဒါပဲ ပြောလို့ရပါတယ်" ဟု ယင်းက ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်သော ကုလအထူးသံတမန် နိုလင်းဟေဇာ အနေဖြင့် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၅ ရက်တွင် သွားရောက်မည့်အကြောင်း ကုလသမဂ္ဂက အနေဖြင့် သတင်းထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံ၏ ဆိုးရွားလာနေသော အခြေအနေနှင့် ချက်ချင်းလက်ငင်း လုပ်ဆောင်နိုင်မည့် ကိစ္စများကို လုပ်ဆောင်ရန် နိုလင်းဟေဇာက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖိန်း ဒူဂျာရစ်က အဆိုပါ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ်(စ်)နိုလင်းဟေဇာက မြန်မာနိုင်ငံ၏ အခြေအနေ ထပ်မံမယိုယွင်းလာစေရန်နှင့် ပြည်သူများ၏ ဆိုးရွားသည့် အခြေအနေများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကုလသမဂ္ဂနှင့် အာဆီယံ ပူး‌ပေါင်းမှုမြှင့်တင် ဆောင်ရွက်ပေးရန် ချက်ချင်းလိုအပ်‌ကြောင်း ယခုနှစ် နှစ်ဆန်းပိုင်းက ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Samdech Akka Moha Sena Padei Hun Sen နှင့် ပြုလုပ်သည့် အွန်လိုင်းအ‌ဝေးတွင် ပြောကြားခဲ့သေးသည်။

 

ymg/mt
#Yangon_Media_Group