#Local_News
Published - 16 August 2022

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ YBS 28 နှင့် YBS 29 ယာဉ်လိုင်းတို့တွင် မှတ်တိုင်အလိုက် ယာဉ်စီးခ ကောက်ခံသည့်စနစ်ကို ကနဦး စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းများထံမှ သိရသည်။

 

YPS ကတ်ဖြင့် ယာဉ်စီးခ ပေးချေသည့်အခါတွင် ယခင်လို ဂိတ်စ - ဂိတ်လယ် - ဂိတ်ဆုံးမှတ်တိုင် သတ်မှတ်သည့် ဖြတ်ပိုင်းခရီးစဉ်နှင့် မကောက်ခံတော့ဘဲ စီးနင်းသည့် မှတ်တိုင်အရေအတွက်ကိုသာ အခြေခံ ကောက်ခံသည့်စနစ်ကို စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စနစ်ကို သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ ၇ ရက်ကြာ ကနဦး စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ပြီး အကျိုးသက်ရောက်မှုရှိပါက ဩဂုတ် ၁၉ ရက်က စပြီး အမှန်တကယ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း Yangon Payment Services က ကြေညာထားသည်။

 

ဒဂုံတက္ကသိုလ်မှ ဆူးလေမြို့တော်ခန်းမအထိ ပြေးဆွဲနေတဲ့ YBS 28 ယာဉ်လိုင်းမှာ ခရီးသည် စတက်သည့်မှတ်တိုင်ကနေ စုစုပေါင်း ၂၅ မှတ်တိုင်အထိကို ကျပ် ၂၀၀ သတ်မှတ်ထားပြီး စတက် မှတ်တိုင်မှ ၂၅ မှတ်တိုင်ကျော်ပါက ကျပ် ၃၀၀ အထိကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင်ရွှေပေါက်ကံ တံတားထိပ်ဆူးလေမှမြို့တော်ခန်းမအထိ ပြေးဆွဲနေသည့် YBS 29 ယာဉ်လိုင်းတွင် ခရီးသည် စတက်သည့် မှတ်တိုင်မှ စုစုပေါင်း ၃၃ မှတ်တိုင်အထိ ကျပ် ၂၀၀ သတ်မှတ်ထားပြီး စတက် မှတ်တိုင်ကနေ ၃၃ မှတ်တိုင် ကျော်ပါက ကျပ် ၃၀၀ ကောက်ခံမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

 

YBS ယာဉ်စီးခကို ခရီးစဉ် အစအဆုံး ပုံသေယာဉ်စီးခကျပ် ၂၀၀ သတ်မှတ်ထားသော်လည်း တချို့ယာဉ်လိုင်းများတွင် ခရီးစဉ် အစအဆုံးကျပ် ၃၀၀ မှကျပ် ၅၀၀ အထိ ကောက်ခံမှုများရှိနေကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၃ လိုင်း၊ ယာဉ်စီးရေ ၃၀၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group