#Local_News
Published 4 August 2022

 

တေးသံရှင် အီတိုးကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း ယင်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

အီတိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၄ ရက်တွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

အီတိုးသည် နိုင်ငံကျော်ရော့ခ်ဘုရင်အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်ပြီး ယင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်စက်တင်ဘာလ ၅ ရက်ကရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်တွင်လက်လုပ်မိုင်း ပြုလုပ်သူများအား ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ၂၀၂၁ စက်တင်ဘာလ ၈ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တွင် နစကက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

သူ့ကိုဖမ်းဆီးသွားပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်က နစက ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာခဲ့သေးကြောင်း၊ သို့သော်လည်း အောက်တိုဘာလ ၂ဝရက်တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

နစကအနေဖြင့် အီတိုးနှင့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး တို့ကို ဖောက်ခွဲရေးကိစ္စများ၊ လက်လုပ်မိုင်းတွေ့ရှိမှုများနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ထားခဲ့သည်။

 

သို့သော်လည်း အီတိုးကို ဖမ်းဆီးမိစဉ်က တွေ့သောလက်နက်များမှာ ၎င်း၏ ပစ္စည်းများမဟုတ်ဘဲ ပစ္စည်းပိုင်ရှင် ပေါ်ပေါက်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်သာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်းတရားရုံးနှင့် နီးစပ်သူများကပြောသည်။

 

ymg/mt
#Yangon_Media_Group