#Local_News
Published_2 August 2022

 

တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်းရှိ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ တာ့လီ-ပေါင်စန်းလမ်းပိုင်းဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးနောက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအကြား ကုန်စည်စီးဆင်းမှုလမ်းကြောင်းသစ်များကို ကုန်းလမ်းနှင့် ရထားလမ်း၊ ရေကြောင်းနှင့် ရထားလမ်းပေါင်းစပ် ပို့ဆောင်သည့်နည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ယူနန်ပြည်နယ် ပေါင်စန်းဘူတာမှ C296 Fuxing EMU ရထားထွက်ခွာဖွင့်လှစ်ခဲ့ပြီးအရှေ့ဘက် တာ့လီသို့ ဦးတည်ခုတ်မောင်းခဲ့ကြောင်း၊ ယင်းရထားလမ်းမှာ ၁၄ နှစ်ကြာမြင့်ခဲ့ပြီး ယခုအခါ တာ့လီ-ရွှေလီရထားလမ်း၏ တာ့လီ-ပေါင်စန်းလမ်းပိုင်းကို တရားဝင် ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းရထားလမ်းပိုင်းတွင်ပါသည့် ပေါင်စန်းလိုဏ်ခေါင်းကို (၆)နှစ်ကြာ ဖောက်လုပ်ခဲ့ရကာ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း ၊တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီးဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ဖူဖျောင်းမြို့နယ်မှ နုကျန်းမြစ် အရှေ့ဘက်ကမ်းထိ အလွန်ရှည်လျားသော ဥမင်လိုဏ်ခေါင်းအုပ်စု အဖြစ် တည် ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားခဲ့သည်။

 

တာလီ-ရွှေလီရထားလမ်းမှာ စုစုပေါင်း (၃၃၀) ကီလိုမီတာ ရှည်လျားပြီး တံတားနှင့် ဥမင်လိုဏ်ခေါင်း (၇၆)ရာခိုင်နှုန်း ထိ ပါဝင်ကြောင်း၊တာလီ-ရွှေလီရထားလမ်းတစ်လျှောက် လိုဏ်ခေါင်း ၄၄ ခုတွင် လိုဏ်ခေါင်း ၂ ခုသာကျန်ရှိတော့ကြောင်း၊ တာလီမှ ပေါင်စန်း၊ ပေါင်စန်းမှ ရွှေလီ အပိုင်းခွဲဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

မြန်မာနိုင်ငံနှင့် တောတောင်ရေမြေထိစပ်လျက်ရှိသော ပေါင်စန်းမြို့မှာ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသော မြို့ ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် တာ့လီ-ရွှေလီရထားလမ်း၏ ပေါင်စန်း-ရွှေလီလမ်းပိုင်းဖောက်လုပ်မှုကို စနစ်တကျ မြှင့်တင်လျက်ရှိပြီးလမ်းကြောင်း တစ်ခုလုံးဖွင့်လှစ်နိုင်ပါကတရုတ်-မြန်မာနိုင်ငံတကာ ရထားလမ်းကြောင်း၏ တရုတ်နိုင်ငံတွင်းလမ်းပိုင်းကို ဘက်စုံတည်ဆောက်ပြီးစီးမည်ဖြစ်ကာ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေးအတွက် တာ့လီ-ရွှေလီရထားလမ်းမှ ဝန်ဆောင်မှုပေးသည့် အခန်းကဏ္ဍကို ပိုမိုသိသာထင်ရှားစေမည် ဖြစ်ကြောင်း သိရသည်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/mt
#Yangon_Media_Group