#Local_News
Published_2 August 2022

 

တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကြမည့် မြန်မာလုပ်သား ၁၄၇ ဦး ယနေ့ သြဂုတ်လ ၂ ရက်တွင် ထပ်မံ သွားရောက်ခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဆိုးလ်မြို့မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။

 

ယင်းတွင် Re-entry လုပ်သား ၂၀ ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၇ ဦး စုစုပေါင်း ၁၄၇ ဦး ဖြစ်ပြီး ရန်ကုန်မှ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြပြီ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းတို့အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခြင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်ကလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၂၃)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၁၉)ဦး ၊ ဇူလိုင် ၂၈ ရက်တွင် ၁၇၉ ဦး သွားရောက်ခဲ့ကြသေးကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေကြကြောင်း အလုပ်သမားရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group