#Local_News
Published _ 28 July 2022

 

ထိုင်းနိုင်ငံမှာ အလုပ်သမားလိုအပ်ချက်မြင့်တက်နေပြီး ဖြည့်ဆည်းရန်နှင့် တရားမဝင်လုပ်သားဝင်ရောက်မှုများကို ဖြေရှင်း၍ လုပ်ငန်းများ၏ အလုပ်သမားလိုအပ်ချက်အလိုက် တရားဝင်အလုပ်သမားများ တင်သွင်းမည်ဟု ထိုင်းအစိုးရမှ ပြောကြားထားသည်။

 

ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးကုန်ပစ္စည်းထုတ်လုပ်ငန်း၊ ထုတ်ကုန်အမျိုးမျိုးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးသည့်နေရာများတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်မှ ရွှေ့ပြောင်းလုပ်သားများ ပြတ်လတ်မှုကြောင့် တိုက်ရိုက်ထိခိုက်မှုရှိနေခြင်းကို ဖြေရှင်းပေးနိုင်ရန် ထိုင်းကုန်သည်ကြီးများအဖွဲ့ချုပ်၊ ထိုင်းတော်ဝင်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့ချုပ်၊ စက်မှုလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးဖမ်းလုပ်ငန်းအဖွဲ့ချုပ်မှ ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ထိုင်းအစိုးရအနေဖြင့် ထိုရွှေ့ပြောင်းလုပ်သားလိုအပ်ချက်ကို ဖြည့်ဖို့ ရွှေ့ပြောင်းလုပ်သားများ တင်သွင်းတာ၊ လက်ရှိထိုင်းနိုင်ငံမှာ ရောက်ရှိနေသည့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို တရားဝင်နေထိုင်ခွင့်ပြုခြင်းနှင့် တရားဝင်နေထိုင်ခွင့်ရပြီးသူများအား နေထိုင်ခွင့်သက်တမ်းတိုးပေးခြင်းများ စတင်လုပ်ဆောင်နေသည်။

 

လက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်အလုပ်လုပ်နေသည့် ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၅ သန်းရှိနေပြီး နောက်ထပ်ရွှေ့ပြောင်းလုပ်သား ၅ သိန်း လိုအပ်နေကြောင်း သိရသည်။

 

ရွှေ့ပြောင်းအလုပ်သမားလိုအပ်ချက်ဖြည့်ရန် အတွက် ဇူလိုင်လ ၅ ရက် အစိုးရဖွဲအစည်းအဝေးမှာ နိုင်ငံ ၄ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သား တရားဝင် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်းသိရသည်။

 

ထိုသဘောတူညီချက်အရ ထိုင်းနိုင်ငံမှာ လက်ရှိတရားမဝင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားစာရင်းကို အလုပ်ရှင်များက အလုပ်ခေါ်လိုမှု အလုပ်သမားနာမည်စာရင်း (Name List) အနေနှင့် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနထံ တင်ပြရမှာဖြစ်ကြောင်း သိရသည်။

 

သတ်မှတ်လုပ်ငန်းစဉ်များပြီးလျင် တရားမဝင်လုပ်သားတွေကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပေးမှာဖြစ်ပြီး ဩဂုတ်လ ၁ ရက်မှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေအား ပန်းရောင်ဘတ်ကတ်ပြား စတင်ပြုလုပ်ပေးတော့မည်ဟု သိရသည်။

 

နေထိုင်ခွင့်သက်တမ်းကို တစ်နှစ်တစ်ကြိမ်နှုန်းဖြင့် တိုးပေးပြီး၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ထပ်မံနေထိုင်ခွင့်ပြုမှာဖြစ်ပြီး လက်ရှိထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်အထိ ရထားသည့်ရွှေ့ပြောင်းလုပ်သားများဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ဆက်နေရန် ယခင် ပါမစ်သက်တမ်း မကုန်ခင်မှာ လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်ပါမစ်လျှောက်လွှာသွား တင်ရမှာဖြစ်သည်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နောက်ပိုင်းမှာ နေထိုင်ခွင့် ဗီဇာတံဆိပ်တုံးထုခံမည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ဆက်လက်လုပ်ကိုင်လိုလျင် ပါမစ်လျှောက်လွှာ တင်ပြီးသည့်အခါ တစ်နှစ် တစ်ကြိမ်နှုန်းနှသ့် စုစုပေါင်း နှစ်ကြိမ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ အလုပ်ပါမစ်သက်တမ်းတိုးပေးမှာ ဖြစ်ကြောင်းသိရသည်။

 

ymg/NN
#Yangon_Media_Group