#Local_News
Published_28 July 2022

 

အမျိုးသမီးနှစ်ဦးအား ယွမ်တစ်သိန်းခွဲနှင့် သုံးသောင်းတို့ဖြင့် ရောင်းစားခဲ့သူများ အလုပ်နှင့်ထောင် ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးအားသူ၏ ရည်းစားဖြစ်သူ ထန်းတပင်မြို့နယ်နေ စိုးထွန်းအောင်က မန္တလေးမြို့သို့သွားရောက် အလုပ်လုပ်ကိုင်ကာ လက်ထပ်ပေါင်းသင်းမည်ဟု ပြောဆိုစည်းရုံး၍ စိုးထွန်းအောင်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ အောင်အောင်တို့က မူဆယ်မြိုမှတစ်ဆင့် ရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားထံ ယွမ် ၃၀၀၀၀ ဖြင့် ရောင်းစားခဲ့ခြင်း ဖြစ်သည်။

 

ကာယကံရှင်များက လှိုင်သာယာမြိုမ ရဲစခန်း(ပ) ၃၈၃၅/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ရက် တွင် တရားခံ စိုးထွန်းအောင်အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်အား တစ်မြို့တည်းနေ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ)သဲနု(ခ)မီမီဝင်းဌေး၊ ရှမ်းလေး (ခ)ရဲထွဋ်၊ ကျော်ထွန်းဦး (ခ)ဦးထွေးနှင့် ဆောင်းနှင်းဝေတို ငါးဦးက အငှားကိုယ်ဝန်ဆောင်သည့် အလုပ်လုပ်ပါက တစ်နှစ်လျှင် ကျပ်သိန်း ၅၀ ရမည်ဟု ပြောဆိုစည်းရုံးကာ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံကွမ်တုံမြို့ရှိ တရုတ်အမျိုးသားထံ ယွမ် ၁၅၀၀၀၀ ဖြင့် ပို့ဆောင်ရောင်းစားခဲ့ကြခြင်း ဖြစ်သည်။

 

အမှုကို သီပေါမြို့မရဲစခန်းက (ပ)၉၈/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က) ဖြင့် ရေးဖွင့်ကာ ကျောက်မဲခရိုင်တရားရုံးသို့ တရားစွဲတင်ပိုခဲ့ခြင်းဖြစ်ပြီး တရားခံ ဒေါ်စိန်ဌေး၊ မစပ်စုမ(ခ) သဲနု(ခ)မီမီဝင်းဌေးနှင့် ရှမ်းလေး(ခ)ရဲထွဋ်တို သုံးဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် ဇူလိုင်လ ၂၂ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group