#Local_News
Published_ 4 July 2022

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁)နှင့် အပိုင်း(၂)တို့တွင် ဆောင်ရွက်ဆဲအိမ်ရာများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ဇူလိုင် ၃ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာစီမံကိန်း၊ စီမံခန့်ခွဲရေးကော်မတီရုံးသို့ ရောက်ရှိစဉ် ပြည်သူများနေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ထို့ပြင် စား၊ ဝတ်၊ နေရေးဆိုသည့် အရေးသုံးပါးတွင် နေထိုင်ရေးသည်လည်း အဓိကကျတဲ့အတွက် အိမ်ရာစီမံကိန်းများ စနစ်ကျနစွာဖြင့် အကောင်အထည်ပေါ်လာရေးအတွက် ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးနှင့်အဖွဲ့သည် FMI အိမ်ရာစီမံကိန်း၊ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁) နှင့်(၂)၊ ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းနှင့် ပန်းလှိုင်အိမ်ရာစီမံကိန်းများရှိ တည်ဆောက်ပြီး အိမ်ရာများနှင့် တည်ဆောက်ဆဲ အိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

ထို့နောက် ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group