#Local_News
Published_ 27 June 2022

 

တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၁၂)မှ တာဝန်ယူ တည်ဆောက်နေဆဲဖြစ်တဲ့ သံလွင်တံတား (တာကော်) ကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးရန် လျာထားဆောင်ရွက်နေကြောင်း သိရပါတယ်။

 

တာကော် တံတားဟောင်းသည် ယာဉ်ဖြတ်သန်းအသုံးပြုမှု များပြားပြီး အသုံးပြု သက်တမ်း ကြာမြင့်လာမှုကြောင့် တံတား၏ခံနိုင်ဝန်အား ကျဆင်းလာတဲ့အတွက် ၂၄ တန်သာ ခွင့်ပြုထားပြီး ဆက်သွယ်သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာမှု မရှိစေရန် တံတားဟောင်း၏ ဘေးဘက်တွင် တံတားသစ်ကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

 

ပြည်နယ်ရဲ့ လူမှုစီးပွားနဲ့ နိုင်ငံ့စီးပွားကိုအထောက်အကူပြုစေမယ့် တည်ဆောက်ဆဲ တာကော်တံတား တည်ဆောက်မှုမှာ ၃၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂) မှ သိရပါတယ်။

 

ကော်တံတားသစ်သည် တံတားအရှည် ၁၁၅၂ပေနှင့် တံတားအကျယ် ၃၉ ပေ ၄ လက်မရှိပါတယ်။ တံတားတွင် ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၁၀ လက်မနှင့် လူသွားလမ်းအကျယ်တစ်ဖက်လျှင် ငါးပေ ကိုးလက်မစီ ပါဝင်မှာ ဖြစ်ပါတယ်။ တံတားရဲ့ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ပြီး ရေလမ်းကင်းလွတ် အမြင့် ၄၅ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၃၆၁ ပေ ရှိပါတယ်။

 

တံတားအပေါ်ထည်သည် သံမဏိသံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်း အမျိုးအစားဖြစ်ကာ တံတားအောက်ခံအုတ်မြစ်များအား အချင်း ၂ ဒသမ ၇၄မီတာရှိသည့် Caisson Foundation နှင့် အချင်း၁ဒသမ ၅ မီတာရှိသည့်သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

 

တံတားခန်းဖွင့် အကျယ် ၂၀ မီတာ ခန်းဖွင့် တစ်ခန်း၊ အကျယ် ၁၉ ဒသမ ၂၈၅ မီတာခန်းဖွင့်တစ်ခန်း၊ အကျယ် ၆၅ ဒသမ ၈၉၅ မီတာခန်းဖွင့်တစ်ခန်း၊ အကျယ် ၁၂၀ ဒသမ ၆၄ မီတာခန်းဖွင့်တစ်ခန်း၊ အကျယ် ၆၅ ဒသမ ၈၉၅ မီတာ ခန်းဖွင့်တစ်ခန်း၊ အကျယ် ၂၉ ဒသမ ၂၈၅ မီတာခန်းဖွင့်တစ်ခန်းနှင့် အကျယ် ၃၀ မီတာ ခန်းဖွင့်တစ်ခန်းပါဝင်ပါတယ်။

 

သံလွင်မြစ်ကူး တံတားဟောင်း တာကော်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ချိတ်ဆက်ထားတဲ့ မိတ္တီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ ၂၈၃ မိုင် ၂ဖာလုံနှင့် ၂၈၄ မိုင် ၄ဖာလုံအကြားတွင် တည်ရှိပြီး နိုင်ငံအနှံထွက်ရှိတဲ့ ထွက်ကုန်များကို အိမ်နီးချင်း လာအို၊ ထိုင်း၊ တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများမှ ထွက်ကုန်များ မြန်မာနိုင်ငံသို့တင်သွင်း ဝယ်ယူနိုင်ရန်အတွက် အရေးပါတဲ့ သံလွင်မြစ်ကူးတံတားတစ်စင်း ဖြစ်ကြောင်းသိရပါတယ်။

 

ymg-mnn
#Yangon_Media_Group