#Local_News
Published_23 June 2022

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဒေါ်ဥမ္မာကျော်တို့ ပြန်ပေးဆွဲခံရသည့်နေရာမှ ပြန်လွတ်လာခဲ့ပြီ ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကခေါ်ယူသွားပြန်ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ ၂၃ ရက် နံနက် ၆ နာရီခန့်က ပြန်လွတ်လာခြင်းဖြစ်ပြီး မွန်းလွဲ ၁၂ နာရီ‌ကျော်အချိန်တွင် ဘင်္ဂလားဒေရှ်နိုင်ငံအစိုးက ပြန်လည်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါကူညီပေးနေသူတစ်ဦးက YMG ကို ပြောသည်။

 

ပြန်ပေးဆွဲခံခဲ့ရသည့် ဆရာနှင့်ဆရာမတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် နတ်မြစ်ကမ်းခြေရှိ ခြံချောင်းရခိုင်ရွာအနီးတွင် ပြန်ပေးဆွဲသမားများက လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ခြံချောင်းကျေးရွာမှတစ်ဆင့် မောင်တော ငခူရဘက်သို့ ပြန်လာရန် စီစဉ်ခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

"သူတို့ပြန်ပေးဆွဲခံထားရကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရွာကို ရောက်နေတာ၊ မနက်ကပြန်လွတ်လာပြီးတော့ အဲဒီနားက ရွာတစ်ရွာမှာ ရှိနေတုန်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေက ပြန်ခေါ်သွားတာ။ နှစ်နိုင်ငံအစိုးရအချင်းချင်း တောင်ပြိုလက်ဝဲမြို့အတွင်းက ငြိမ်းချမ်းရေးတံတားမှာ အခမ်းအနားနဲ့ အပ်နှံဖို့ လုပ်နေတယ်လို့ ကြားရပါတယ်"ဟု ယင်းကပြောသည်။

 

ပြန်ပေးဆွဲခံရသည့် ဆရာနှင့်ဆရာမတို့ ပြန်လည်လွတ်မြောက်ရေးအတွက် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တကာငွေ သိန်း ၃၀ နှင့် ညီမျှသည့် မြန်မာငွေ ကျပ် သိန်း ၆၀၀ ကို ပြန်ပေးဆွဲသမားများထံ လွှဲပေးခဲ့ရကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့နှစ်ဦး မောင်တောမြို့နယ် သင်္ဘောလှရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ်လမ်းတွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတို့နှစ်ဦးအား ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅ဝ (မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်)ဖြင့် ပြန်ရွေးရန်တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group