#LocalNews
Published _ 17 June 2022

တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တက်ရောက်ဆွေးနွေးမည့် ခေါင်းဆောင်များ၏ အမည်စာရင်းကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားပေးပို့ရန် ဖိတ်ခေါ်ထားကြောင်း နစက သတင်းပြန်ကြားရေးခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ဇွန်လ ၁၆ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းမှပြောကြားခဲ့ခြင်း ဖြစ်သည်။

 

"ဖိတ်ခေါ်မှုအပေါ် တက်ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌကိုယ်စားအဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်နဲ့ အဖွဲ့ဝင် (၂)ဦးရဲ့ အမည်စာရင်းကို ဒီလ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးဖို့ ကမ်းလှမ်းထားပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ယင်းအပြင် ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

ကမ်းလှမ်းချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ တက်ရောက်ဆွေးနွေးရန် သဘောတူထားပြီး လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC)၊ "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

 

ဆွေးနွေးရန် ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပါဝင်ဆွေးနွေးကြရန် နစက ဥက္ကဋ္ဌမှ ထပ်မံဖိတ်ခေါ်ထားသည်။

 

နစက ဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် ဇွန်လ ၁၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးလျှက်ရှိကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ymg/ NN
#Yangon_Media_Group