#LocalNews
Published - 11 June 2022

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာကမ်းခြေကို မိုးတွင်းကာလ ခရီးသွားနည်းသည့်အတွက် ဟိုတယ်ဝန်ထမ်းအချို့ကိုလျှော့ချရန်စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

မေလကုန်ပိုင်းမှစတင်၍ ဧည့်သည်ဝင်ရောက်မှုနည်းပါးလာခြင်းကြောင့် ဟိုတယ်ပိုင်ရှင်အများစုမှ ဝန်ထမ်းတွေကို အလှည့်ကျစနစ်နှင့် ခွင့်ရက်ရှည်ပေးကာ ဝန်ထမ်းအင်အားလျော့ချခြင်းဖြစ်ကြောင်း သိရသည်။

 

"ဒါက မိုးရာသီဆိုတော့ ခရီးသွားကသိပ်မလာဘူး။ နည်းတယ်။ ဧည့်သည်ပါးတဲ့အချိန်ပဲ ဝန်ထမ်းတွေကို အနားပေးတာ၊ ခွင့်ပေးတာတွေလုပ်တာပါ။ တချို့ဟိုတယ်တွေဆိုရင် ပိတ်တယ်။ ဖွင့်တဲ့ဟိုတယ်တွေဆိုရင် အခန်းအပြည့်မဟုတ်ပဲ တစ်ဝက်ပဲဖွင့်ကြတယ်။ ခရီးသွားနည်းတဲ့ကာလမို့လိုပါ"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ခရီးသွားရာသီကာလဖြစ်သည့် အောက်တိုဘာ တစ်ရက်မှစ၍ ပုံမှန်အတိုင်းခရီးသွားများဝင်ရောက်လာပါက ဝန်ထမ်းများပြန်လည်ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကိုဗစ်ကာလအလွန် ချောင်းသာသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေမှာ ကိုဗစ်ကာလမတိုင်ခင်ထက်ပိုများကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group